ဘင်္ဂလားဒေ့ရှ်၌ ရွေးကောက်ပွဲ မတိုင်ခင် ဖြိုခွင်းမှုများအတွင်း လူထောင်ပေါင်းများစွာကို ဖမ်းဆီး

AFP – ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ မတိုင်ခင် “ယှဉ်ပြိုင်ဘက်များကို ရှင်းလင်းဖယ်ရှားခြင်း”အဖြစ် အတိုက်အခံပါတီများအား ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုများ လုပ်ဆောင်နေပြီး တက်ကြွလှုပ်ရှားသူ ၁၀,၀၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တနင်္လာနေ့တွင် ပြောသည်။

ထိုသို့ အဓိက ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ( BNP )မှ အများစုအပါအဝင် ထောင်ပေါင်းများစွာကို ဖမ်းဆီးခြင်းအပြင် မယုံနိုင်လောက်သည့် လူအရေအတွက် တော်တော်များများမှာလည်း ပြစ်မှုစွဲဆိုချက်များနှင့် ရင်ဆိုင်နေရသည်။

ပါတီဝင် ငါးသန်းမှ တဝက်နီးပါးသည် “နိုင်ငံရေး စေ့ဆော်သည့် တရားစွဲဆိုမှုများ”နှင့် ရင်ဆိုင်နေရသည်ဟု BNP ပါတီက ဆိုကြောင်း HRW က ပြောသည်။

“ဖမ်းဆီးခံရသူတွေမှာ အကြီးတန်းအဆင့်ကနေ အောက်ခြေအဆင့်ထိ ပါဝင်တယ်”ဟု တက်ကြွလှုပ်ရှားသူတဦးက HRW သို့ ပြောသည်။

အကျဉ်းထောင်များမှာ လက်ရှိတွင် ဝင်ဆံ့ဦးရေထက် နှစ်ဆကျော်နေပြီဟု HRW က ဆိုသည်။

လူဦးရေ သန်း ၁၇၀ နီးပါးရှိရာ တောင်အာရှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇန်နဝါရီ ၇ ရက်၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက လေးကြိမ်မြောက် ဆက်တိုက်သက်တမ်းအတွက် ရှေရှုထားသည်။

ဟာစီနာ အာဏာ လက်လွှတ်ရန်နှင့် ဘက်မလိုက်သော အစိုးရတရပ်က ရွေးကောက်ပွဲကို ကျင်းပရန် တောင်းဆိုကာ BNP နှင့် အခြားသော ပါတီများက အကြီးစား ဆန္ဒပြမှုများ ဆင်နွှဲခဲ့သည်။ ထို တောင်းဆိုချက်များသည် ဖွဲ့စည်းပုံနှင့် မညီညွတ်ကြောင်း အစိုးရက တုံ့ပြန်သည်။

“အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ အတိုက်အခံကို ချေမှုန်းဖို့နဲ့ ပြိုင်ဘက်တွေကို ရှင်းလင်းဖို့ မြင်သာတဲ့ ကြိုးပမ်းမှုနဲ့ နိုင်ငံရေး အတိုက်အခံတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ အလွန်အကျွံ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်”ဟု HRW က ပြောသည်။

ထို ဖမ်းဆီးမှုများသည် “ပြင်းထန်သော အာဏာရှင်ဆန်သည့် ဖြိုခွင်းမှု”ပဲဟု နယူးယောက်အခြေစိုက် HRW က ပြောကာ အောက်တိုဘာအတွင်း အရှိန်မြင့်ဖြစ်ပွားသည့် ဆန္ဒပြမှုများမှစကာ ရဲနှစ်ဦးအပါအဝင် လူအနည်းဆုံး ၁၆ ဦး သေဆုံးကြောင်း ပြောခဲ့သည်။