တွန်းဇံမြို့ စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီလိုအပ်

ပုံအညွှန်း - တွန်းဇံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ (ဓါတ်ပုံ - တွန်းဇံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ပုံအညွှန်း – တွန်းဇံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ (ဓါတ်ပုံ – တွန်းဇံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တွန်းဇံမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံများအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(တွန်းဇံ) ပြန်ကြားတာဝန်ခံမှ သိရသည်။

တိုက်ပွဲများဖြစ်ပွားသဖြင့် တွန်းဇံမြို့နယ် တွီးထန် ၊ တွီးတန်ဇန် ၊တားလဲ့ ၊ ဇမ်းပီး ကျေးရွာများမှ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံဗာ ၊ ဇိုင်တူ ၊ နတ်ဇန် ကျေးရွာများမှ ဒေသခံများတိမ်းရှောင်နေရကြောင်း ဆိုသည်။

“အဓိက ကတော့ နေရာထိုင်ခင်းအတွက် မိုးကာ ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်နေပါတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(တွန်းဇံ) ပြန်ကြားတာဝန်ခံက ပြောသည်။

၎င်းအပြင် တွန်းဇံမြို့ပေါ် တွီးတူမ်း မှ ဒေသခံများလည်း တီးတိန်မြို့ ၊ ကလေးမြို့နှင့် နီးစပ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေကြရကြောင်းသိရသည်။

လုံတပ်ကျေးရွာဘက်တွင် ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုးများ ၊ နာတာရှည်ရောဂါဝေဒနာရှင်များနှင့် မသွားလာနိုင်သူများကို ရွာအတွင်းထားခဲ့ရပြီး ကျေးရွာသို့ အဝင်အထွက်မပြုလုပ်နိုင်သဖြင့် ကယ်ဆယ်ရေးမလုပ်နိုင်သေးကြောင်း သိရသည်။

တွန်းဇံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာ ၁၅ ရွာနှင့် မြို့ပေါ် ရပ်ကွက်(၂)ခုမှ စစ်ဘေးရှောင်စုစုပေါင်း ၅,၀၀၀ ခန့်ရှိနေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (တွန်းဇံ)က ယမန်နေ့(မေလ ၁၈ရက်)တွင် အသိပေးထားသည်။

ထို့အတူ ကလေးမြို့မြောက်ပိုင်းတိုက်ပွဲများကြောင့် ပြည်တော်သာမှ တွန်းဇံမြို့နယ်အတွင်းသို့ စစ်ဘေးရှောင်လာသူ လူဦးရေ ၁,၀၀၀ ခန့်ကို တွန်းဇံ ပအဖ က အကူအညီများပေးအပ်ထားကြောင်း သိရသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး ၎င်းတို့အား တိုင်ပင်အသိပေးခြင်းမရှိသောကြောင့် ကြိုတင်ပြင်ဆင်ထားမှုများမပြုလုပ်နိုင်ဘဲ မေလ ၁၈ရက်မှစ၍ နယ်မြေသို့ ကူညီရေးအတွက် စတင်စေလွတ်ထားနိုင်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်ကို တိုက်ထုတ်ခြင်းကို ကြိုဆိုသော်လည်း အတတ်နိုင်ဆုံး မြို့ရွာနှင့် ပြည်သူလူထုထိခိုက်မှုမရှိစေရန် သတိထားဆောင်ရွက်ကြစေလိုပြီး စစ်ဘေးရှောင်များအတွက် အရေးပေါ်လိုအပ်နေမှုများကို ကူညီကြရန် မေတ္တာရပ်ခံလိုသည်ဟု ဆိုသည်။

တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီတပ်အထိုင်စခန်းများကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ ၁၅ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၁၉ရက်နေ့တွင် ကျီခါးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)