ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိနိုင်ဟု အနောက်ပိုင်းခရိုင် ပကဖ ပြော

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက် ကံဘဲ့လမ်းရှိ ရန်ကင်းမြို့မရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁ ရက် ည ၇ နာရီ ၃၃ မိနစ်က အင်အားပြင်းမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

“အင်အားပြင်းမိုင်း နှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်။ အသံက ရန်ကုန်တမြို့လုံးဟိန်းနေတာ။ ပေါက်ကွဲအားပြင်းတဲ့အတွက် ထိခိုက်မှုက များနိုင်တယ်။” ဟူ၍ဖြစ်သည်။

အဆိုပါရဲစခန်းအား အနောက်ပိုင်းခရိုင် ပကဖနှင့် Yangon Army(YA) မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ဖြင့် ဖော်ပြထားသည်။

ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဒေသခံတဦးက “အသံက ရန်ကင်းရဲစခန်းနားကလာတာပါ။ နှစ်ခါကြားရပါတယ်၊ ကျယ်ပါတယ်။” ဟု ပြောသည်။

တိုက်ခိုက်မှုခံရပြီး မိနစ် ၂၀ ခန့်အကြာတွင် ရန်ကင်းကလေးဆေးရုံရှေ့၌ စစ်ကောင်စီတပ်သားများရောက်ရှိလာခဲ့ပြီး ရန်ကင်း ပိုက်လုံးကြီး တံတားအကျော်နားတွင်လည်း အိမ်စီးကားများဖြင့် အရပ်ဝတ်များပါ ရှိနေကြောင်း သိရသည်။

ထို့နောက် ရန်ကင်းရဲစခန်းရှေ့အား လမ်းပိတ်ဆို့ခဲ့ပြီး မီးအမှောင်ချကာ ည ၉ နာရီဝန်းကျင်ခန့်မှစတင်၍ အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများက ရှာဖွေစစ်ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြေပြင်ကင်းထောက်များ၏ ပြောပြချက်အရသိရသည်။

ရန်ကင်းမြို့မရဲစခန်းအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက God’s Hand Forces အဖွဲ့မှ အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ဖူးသည်။

စာတည်း- သန့်ဇော်(သန်လျင်)