ခြံအမှတ်( ၅၄) ကိစ္စ ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်မှု ပယ်ချခံရ

ဓာတ်ပုံ- ပုံဟောင်း

ဓာတ်ပုံ- ပုံဟောင်း

001

(မဇ္ဈိမ)။ ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ( ၅၄ ) အမှု နှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်မှုတက်ထားခြင်းကို စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းတရားရုံးက ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က ပယ်ချခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ခြံအမှတ် (၅၄) ကို လေလံပစ်ရန် ကမာရွတ်ခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့်အတွက် ပြီးခဲ့သည့် မတ်လအစောပိုင်းက ပြင်ဆင်မှုတက်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပြင်ဆင်မှုကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ဆက်လက်တက်ရောက်နိုင်ခွင့်ရှိသည်။

သို့​သော် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က မည်သို့ ဆက်လက်လုပ်ဆောင်ရန်ရှိကြောင်း မသိရှိရသေးပေ။

နှစ်ဧကနီးပါးရှိသည့် ခြံအမှတ် (၅၄) ကို ကြမ်းခင်းဈေး ငွေကျပ် ၃၁၅ ဘီလီယံဖြင့် မတ်လ ၂၀ ရက်​နေ့ နံနက်ပိုင်းက အဆိုပါ ခြံရှေ့တွင် လေလံတင်ရောင်းချခဲ့သော်လည်း လေလံဆွဲမည့်သူမရှိဘဲ လေလံပွဲ အဆုံးသတ်ခဲ့ရသည်။

ယမန်နေ့ မေလ ၁၆ ရက်နေ့က ကမာရွတ်ခရိုင်တရားရုံးတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအရ တရားနိုင်ဘက်က တင်ပြလျှောက်ထားမှု ပြုလုပ်ရန် ချိန်းဆိုခဲ့‌သည်။ သို့သော် တရားနိုင် ဦးအောင်ဆန်းဦးဘက်က အဆင်သင့်မဖြစ်သေးဟုဆိုကာ တင်ပြခြင်းမရှိသည့်အတွက် မေလ ၂၃ ရက်နေ့သို့ ရုံးချိန်း ပြန်လည်ပေးထားကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။

ဓာတ်ပုံ- ပုံဟောင်း

အဆိုပါ ခြံအမှတ် (၅၄) အမွေဆိုင်အမှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်းခွဲဝေယူရန် အမိန့်ချမှတ်ခဲ့သည်။

သို့သော် ထိုအမိန့်အပေါ် ဦးအောင်ဆန်းဦးက မကျေနပ်သည့်အတွက် ခြံဝန်းတခုလုံးကို လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန်၊ ဒေါ်ခင်ကြည်မသေဆုံးခင်က ၎င်း၏ တူဖြစ်သူ ဦးခင်မောင်အေးကို အမွေပေးခဲ့သည့် အိမ်တလုံးနှင့် မြေကိုပါထည့်သွင်းခွဲဝေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်ဆက်တက်ခဲ့ရာ ပယ်ချခံခဲ့ရသည်။

ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လထဲတွင်မူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ခြံအမှတ် (၅၄) ကို အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ကလည်း ကြားကာလအမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဥပဒေများဖြင့် ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး