မုံရွာမြို့နယ် ကြာပိုင်ရွာက ဒေသခံ ၁၁ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

Photo CJ

007 ၊ MTO(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ၀င်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၁၁ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ နှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။

“ပျူရွာအတိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွာကိုမဲတာ၊ တနေကုန် ရွာကိုမီးရှို့ဖျက်ဆီးပြီး သူတို့(ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ)ထွက်သွားတော့မှ အလောင်းတွေ တွေ့ရတာ။ အိမ်တလုံးထဲ အစုလိုက်၊အပြုံလိုက် ထည့်ပိတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်သွားတဲ့ အနေအထား တွေ့ရတယ်။ အချက်အလက်တွေကို ကုလသမဂ္ဂအထိ ပို့သွားဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့‌တွေက စီစဉ်နေတယ်” ဟု ဒေသခံတော် လှန်ရေးအင်အားစုမှ သတင်းရင်းမြစ်တဦးက ပြောသည်။

မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီးဆိုသူများ၏ စခန်းအား ဒီဇင်ဘာလ ၁ ရက် ညပိုင်းတွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တနေ့ နံနက် ၈ နာရီခန့်တွင် တောပုကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က အဆိုပါကျေးရွာအနီးရှိ ကြာပိုင်ကျေးရွာကို ၀င်ရောက်စီးနင်း မီးရှို့ဖျက်ဆီးကာ ဒေသခံအမျိုးသား ၁၁ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြေးလို့ မလွတ်တော့ဘဲ ရွာထဲမှာပိတ်မိနေခဲ့တဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး တိုက်ထဲမှာပိတ်ပြီး မီးရှို့ သတ်ဖြတ်ခဲ့တာ ရှင်းလင်းရေးလုပ်ချိန်မှာ ရုပ်အလောင်း ၁၁ လောင်း တွေ့ ရှိရပါတယ်” ဟု မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂ ရက် မနက်ပိုင်းတွင် မုံရွာမြို့နယ်၊ တောပုကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကြာပိုင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“တောပုကပျူတွေ ခေါင်းဆောင်ပြီး ရွာကို၀င်စီးတာ။ သူတို့၀င်စီးမယ် သတင်းရကတည်းက ရွာကလူတွေအကုန် ထွက်ပြေးတယ်။ မထွက်ပြေးနိုင်လို့ ပိတ်မိခဲ့သူတွေထဲက အဲဒီလူတွေအသတ်ခံလိုက်ရတာလို့ ထင်တာပဲ။ တော်တော်များများက နီးစပ်ရာတောထဲပြေးကြတာ” ဟု စစ်ကိုင်းမြို့သို့ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ကြာပိုင်ကျေးရွာအား လေးဘက်လေးတန် ဝိုင်းညှပ်ပိတ်ဆို့၍ ကျေးရွာအတွင်းရှိ နေအိမ်များအား တနေကုန် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀၀ခန့်ရှိသည့် ကြာပိုင်ရွာ တရွာလုံးနီးပါး မီးလောင်ပြင်ဖြစ်ခဲ့ရပြီး ယင်းနေ့ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ပြန်ထွက်သွားပြီးနောက် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၀င်များနှင့် ဒေသခံများက ကျေးရွာအတွင်း ပိတ်မိနေသူများအား လိုက်လံရှာဖွေရာ ကိုစိုးမိုးသူ(အသက် ၂၉ နှစ်)၊ ကိုစံရွှေ(အသက် ၄၃ နှစ်)၊ ကိုချမ်းငြိမ်း(အသက် ၂၉ နှစ်)၊ ပါမီးရာ(အသက် ၃၇ နှစ်)၊ ဦးဆန်း၀င်း (အသက် ၅၃ နှစ်)၊ ကိုငဒိုး(အသက် ၃၈ နှစ်)၊ ကိုလှိုင်၀င်း(အသက် ၃၈ နှစ်)၊ ကိုထွန်းထွန်း(အသက် ၂၀ နှစ်)၊ ကိုလှိုင်သူရ(အသက် ၂၃ နှစ်)၊ ကိုထွန်းခင်(အသက် ၄၃ နှစ်)၊ အမည်စုံစမ်းဆဲတဦးနှင့် စုစုပေါင်းအမျိုးသား ၁၁ ဦးတို့ကို နေအိမ်တလုံးအတွင်း အစုလိုက်အပြုံလိုက် သေဆုံးနေသည်ကိုတွေ့ရကြောင်း ဒေသခံနှင့်တော်လှန်ရေးအင်အားစုများထံက သိရသည်။

“မနက် ၉ နာရီက စရှို့တာ နေ့လယ် ၁နာရီလောက်မှ ကြာပိုင်ရွာထဲက ပြန်ထွက်တာ ။ မီးရှို့ခံရတဲ့အိမ်တွေများတယ် ။ အိမ်တွေထဲက ပစ္စည်းတွေလည်း တောပုပျူရွာဘက်ကို အကုန်သယ် သွားကြတာ ထွန်စက် ၊ ဆိုင်ကယ် ၊ ဖုန်း ၊ ပိုက်ဆံ ၊ အိမ်တွင်းပရိဘောဂ ၊ စတဲ့ ပစ္စည်းတွေ အကုန်သယ်သွားတာ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် နို၀င်ဘာလ ၂၉ ရက်နေ့ကလည်း မုံရွာမြို့ပတ်လမ်းဘေးရှိ မင်္ဂလာကုန်းကျေးရွာကို၊ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်၍ ဒေသခံ ၂၀ ဦး ခန့်ကို ဖမ်းဆီးကာ ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ ယနေ့အထိ သတင်းတစုံတရာ ကြားသိရခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး