မုန်းမြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်းနှင့် မြို့မရဲစခန်းကို တော်လှန်ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်

ပုံအညွှန်း- မုန်းမြို့အဝင်ဆိုင်းဘုတ်နှင့် မုန်းတံတား (ဓါတ်ပုံ- လူမှုကွန်ရက်)

YT(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၉)နှင့် မုန်းမြို့မရဲစခန်းအား တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

ခမရ (၅၉၉) ကို ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်အချိန်က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး မုန်းမြို့မရဲစခန်းကိုလည်း ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်တိုက်ပွဲဝင် ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

” ညထဲက သိမ်းလိုက်တာပါ ၅၉၉ က။ ရဲစခန်းကို သိမ်းလိုက်နိုင်တာလည်း ဟုတ်ပါတယ်ဗျ။ အသေးစိတ်ကတော့ပြောပြလို့မရသေးလို့ပါနော် တိုက်ပွဲက ဆက်ဖြစ်နေလို့ပါ” ဟု အဆိုပါရဲဘော်က မဇ္ဈိမကိုပြောသည်။

ဒေသခံအမျိုးသမီးတဦးကလည်း ” တိုက်နေပြီ။ စခန်းတွေလည်း ရတဲ့ဟာ ရနေပြီ။ လေယာဉ်နဲ့ပါ ကြဲနေပြီ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် ၁ နာရီ ၃၀ မိနစ် ဝန်းကျင်မှစ၍ စစ်ကောင်စီတပ်​​က လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်နေပြီး လက်ရှိအချိန်ထိ လေကြောင်းပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီကင်းထောက်လေယာဉ်ကလည်း ဆက်လက်ဝဲပျံနေဆဲဖြစ်ကြောင်း သိရသည်။

” ကျွန်တော်တို့က ဒီဘက်ကမ်း အုတ်ဖြတ်ဘက်က။ အသံတွေကတော့ မျိုးစုံပဲ တညလုံးပဲ ကျွန်တော်တို့လည်း အိပ်လို့မရဘူး။ ညကလည်း လေယာဉ်တွေက တညလုံးပျံနေတယ်။ လေယာဉ်သုံးစင်းလောက်ကို အလဲအလှည့် ပျံပြီးတော့ ကြဲတာ တိုက်ရိုက်ပဲ။ ခုနလေးကမှ တိုက်ပွဲသံ

နည်းနည်းငြိမ်သွားတာ။ ကျွန်တော်ကြားမိတာတော့ တုံးတောစခန်း (ခမရ ၅၉၉) ရယ် မုန်းက ရဲစခန်းရယ် သိမ်းထားတယ်လို့တော့ ကြားတယ်။ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီ ” ဟု မုန်းတံတား တဖက်ကမ်း ဖြူးမြို့နယ်၊ အုတ်ဖြတ်တွင် နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ခမရ (၅၉၉) နှင့် မုန်းမြို့မ ရဲစခန်းကို သိမ်းပိုက်လိုက်ခြင်းနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ခရိုင်ပြန်ကြားရေးထံ ဆက်

သွယ်အတည်ပြုနေဆဲဖြစ်သည်။

နေ့လယ် ၁၁ နာရီမေးမြန်းချက်အရ မုန်းတံတားထိပ်ရှိ စစ်ကောင်စီဂိတ်စခန်း၊ ခမရ (၅၉၀) တပ်ရင်း အပါအဝင် မုန်းမြို့တဝိုက်ရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအင်အားစုများက ဆက်လက် ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

တိုက်ပွဲများကြောင့် မုန်းမြို့မှ အရပ်သားဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ၍ မုန်းမြို့တဖက်ကမ်း ဖြူးမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး