ဝေါမြို့တွင် ဒေသခံ ၅၀ ထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တံတားကို မီးရှို့

ပုံအညွှန်း- အညာစုရွာနှင့် အဝိုင်းပါတ် ရွာချင်းဆက် သစ်သားတံတား မီးရှို့ခံရမှုမြင်ကွင်း/ (ဓါတ်ပုံ- ပေးပို့)

YT

(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများက ကျေးရွာဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာချင်းဆက်တံတားတစင်းကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဝေါမြို့နယ် PDF တာဝန်ရှိသူတဦးနှင့် ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဝေါမြို့နယ်ရှိ ဆင်ရွာ၊ အညာစုရွာ (အထက်စုပိုင်း၊ အလယ်စုပိုင်း၊ ခင်တန်းကုန်းပိုင်း)၊ အဝိုင်းပါတ်ကျေးရွာ (အထက်အဝိုင်းပါတ်၊ အောက်အဝိုင်းပါတ်) စသည့် ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်၊ ရဲ၊ ပျူစောထီးများက ဒေသခံပြည်သူ ၅၀ ထက်မနည်းအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဒေသခံများအား PDF များနှင့် ဆက်သွယ်နေသည်ဟူသည့် ယူဆချက်ဖြင့် ဖမ်းခေါ်သွားခြင်းဖြစ်ပြီး ဖမ်းဆီးခံ ဒေသခံများသည် မိသားစုနှင့် အဆက်အသွယ်မရကြသေးကြောင်း ဝေါ PDF တာဝန်ရှိသူက ဆိုသည်။

” ဒေသခံတွေ ဖမ်းဆီးထားတာကိုတော့ မလွှတ်သေးဘူး၊ နောက်ပြီးတော့ ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မိသားစုဝင်တွေက မသိရတော့ အဲ့ဒါလည်း စိုးရိမ်သောက ရောက်နေရတယ်။ အဓိက အဲ့ဒီရွာတွေ ဖမ်းဆီးရတဲ့ အကြောင်းအရင်းကတော့ PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သတင်းကြောင့်ပေါ့။ ဒါကြောင့် သူတို့ မြေလှန်ဖော်ထုတ်မယ်ဆိုပြီး ဖမ်းဆီးသွားတာပါ” ဟု ဝေါ PDF တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ကျေးရွာများသို့ စစ်ကြောင်းထိုးလာချိန်တလျှောက် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အညာစုရွာ၊ ခင်တန်းကုန်းပိုင်းမှ အသက် ၃၉ နှစ်အရွယ် ကိုလှဝင်းနှင့် စစ်တောင်းမြစ်တဖက်ခြမ်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာမှ အသက် ၂၀ အရွယ် မသဲစုလင်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ၎င်းတို့ ပြန်လည်ထွက်ခွာချိန်၌ အညာစု- အဝိုင်းပတ် ရွာချင်းဆက်တံတားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

” စကစက နေ့လယ် ၃ နာရီ ၃၅ မိနစ်အချိန်မှာ အညာစုရွာနဲ့ အထက်ဝိုင်းပါတ်/အောက်ဝိုင်းပါတ် ရွာတွေကို ဆက်သွယ်ထားတဲ့ သုံးဘီးကား မောင်းလို့ရတဲ့ သစ်သားတံတားကို မီးရှို့ဖျက်ဆီးသွားပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်​၏ ဒေသခံများအား သံသယထား ဖမ်းဆီးခေါ်ဆောင်မှုများကြောင့် အညာစုရွာ နှင့် အဝိုင်းပါတ်ကျေးရွာများမှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျေးရွာအတွင်း ကျန်ရှိနေသူများလည်း ထိတ်လန့်မှုများဖြင့် နေထိုင်နေကြရကြောင်း ဝေါ PDF တာဝန်ရှိသူက ဆိုသည်။

” လက်ရှိအခြေအနေကတော့ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးနေကြတယ်၊ အကုန်လုံး ရွာတွေက ထိတ်လန့်နေကြတယ် အဲ့ဒီနားတဝိုက်က ရွာတွေအကုန်” ဟု ဝေါ PDF တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့လည်း ဝေါမြို့နယ်၊ ပုဂံရွာနေ ဒေသခံအမျိုးသမီးတဦးနှင့် သက်ကြီးပိုင်းအမျိုးသားတဦးကို NLD ပါတီဝင်ဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အမျိုးသမီးအား မြစ်ကျိုးနယ်မြေရဲစခန်းတွင်ထားရှိကာ သက်ကြီးပိုင်းအမျိုးသားကိုမူ ဘောနတ်ကြီး စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)