တရုတ်ထက်အလားအလာကောင်းသော အိန္ဒိယ ဘိလပ်မြေစျေးကွက် article

Business Insider

ဘိလပ်မြေ ထုတ်လုပ်မှုနယ်ပယ်တွင် တရုတ်နှင့် အိန္ဒိယတို့သည် ကွဲပြားခြားနားသော စီးပွားရေးပုံစံဖြင့် ဈေးကွက်ရေစီးကြောင်းကို လျှောက်လှမ်းနေကြသည်။ ၂၀၂၄ တွင် တရုတ် အိမ်ခြံမြေကဏ္ဍ အခက်အခဲကြောင့် ဘိလပ်မြေ စျေးကွက်တွင် စိန်ခေါ်မှုများ ရှိနေကြောင်း Fitch Ratings က ခန့်မှန်းသည်။

အိန္ဒိယဘိလပ်မြေလုပ်ငန်း တွင် ဝယ်လိုအားသည် အချိန်ကာလ တခုအတွင်း တည်တည်ငြိမ်ငြိမ်ဖြင့် ကြီးထွားလာနေပြီး ပိုမို ကောင်းမွန်သော စျေးကွက် လမ်းကြောင်းကို ပုံဖော်ထားသည်။

တရုတ်အိမ်ခြံမြေကဏ္ဍ၏ မတည်ငြိမ်သော စိန်ခေါ်မှုများနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွင် ခန့်မှန်းထားသည့်အတိုင်း နှေးကွေးနေခြင်းသည် ၂၀၂၄ ၌ ဘိလပ်မြေဝယ်လိုအား ကို လျော့နည်းသွားစေနိုင်သည်။

မြေယာရောင်းဝယ်မှု ကျဆင်းလာခြင်းနှင့် အတူ ဒေသန္တရအစိုးရများအတွက် ဘဏ္ဍာငွေ ကျပ်တည်းမှု အခြေအနေများသည် အရေးကြီးသော အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အသုံးစရိတ် မြှင့်တင်ရန် အဟန့်အတားဖြစ်စေသည်။

တရုတ် ထိပ်တန်းဘိလပ်မြေ ထုတ်လုပ်သူ ငါးဦး၏ စုစုပေါင်း အမြတ်ငွေသည် ၂၀၂၃ တွင် သုံးရာခိုင်နှုန်းကျဆင်းသွားပြီး ယခင် သုံးလပတ်များအတွင်း သိသိသာသာ နှေးကွေးသွားခြင်း ဖြစ်သည်။

တရုတ် ဘိလပ်မြေကဏ္ဍ၏ စွမ်းဆောင်ရည် ကျဆင်းမှုကို ခန့်မှန်းခြင်းဖြင့် ၂၀၂၄ တွင် စျေးကွက်မှ ထွက်ခွာသွားမည့် သေးငယ်ပြီး အမြတ်နည်းသော ထုတ်လုပ်သူများကို Fitch မှ ကြိုမြင်ထားသည်။

တရုတ်နှင့် ဆန့်ကျင်ဘက် အိန္ဒိယ ဘိလပ်မြေကဏ္ဍသည် နိုင်ငံ၏ တည်ငြိမ်သော GDP တိုးတက်မှုနှင့် အတူ အားကောင်းသော လမ်းကြောင်းကို မြင်တွေ့နေရသည်။ လာမည့်နှစ်များတွင် ဘိလပ်မြေဝယ်လိုအားသည် နှစ်စဉ်တိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ရှိမည်ဟု Fitch က ခန့်မှန်းထားသည်။

အိန္ဒိယတွင် အစိုးရအသုံးစရိတ်ဖြင့် အကောင်အထည်ဖော်နေသော အခြေခံအဆောက်အအုံနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများသည် ၂၀၂၄ ခုနှစ် တလျှောက်လုံး မြို့ပြအိမ်ရာများ ပြန်လည် ဦးမော့လာစေရန် တွန်းအားများနှင့်အတူ တိုးတက်လာမည်ဟု မျှော်လင့်သည်။

သို့ဖြစ်၍ အိန္ဒိယသည် လာမည့် ငါးနှစ်အတွင်း နှစ်စဉ် ဘိလပ်မြေထုတ်လုပ်နိုင်မှု စွမ်းရည် နှစ်ဆ တိုးလာမည်ဟု မျှော်မှန်းထားပြီး တိုးတက်ကောင်းမွန်သော ထုတ်လုပ်မှု စွမ်းဆောင်ရည် အတွက် ခိုင်မာသော ဝယ်လိုအား က အထောက်အကူ ပြုမည်ဖြစ်သည်။

အိန္ဒိယ ထိပ်တန်းထုတ်လုပ်သူ ငါးဦးသည် လုပ်ငန်းတူများ အချင်းချင်း ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အကျိုးအမြတ် ရရှိမှုများမှ တဆင့် စွမ်းဆာင်ရည် အသစ်များ ရရှိလာမည် ဖြစ်ကြောင်း Fitch က ခန့်မှန်းသည်။

ယင်းသို့ အပြုသဘောဆောင်သော အမြင်ရှိသော်လည်း လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်မှု နှင့် စျေးကွက်ဝေစု ထိန်းသိမ်းမှု အပေါ် အဓိကထားခြင်း သည် ၂၀၂၂ နောက်ပိုင်း စွမ်းအင်စျေးနှုန်းများ ကို ပုံမှန်ဖြစ်စေသည့်တိုင် အမြတ်အစွန်း ကျယ်ပြန့်လာခြင်း ကို အဟန့်အတား ဖြစ်နိုင်သည်။