ထိုင်းတောင်ပိုင်း၌ လူထောင်ပေါင်းများစွာ ရေကြီးမှုဘေး ကြုံ

၂၀၂၃ ခုနှစ်| ဒီဇင်ဘာ ၂၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း နာရသီဝပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများအတွင်း လူများ သွားလာနေကြစဉ်/Photo:AFP

Vietnam Plus

ထိုင်းတောင်ပိုင်းပြည်နယ်များတွင် ပြီးခဲ့သည့် နှစ်ရက်က မိုးသည်းထန်ခြင်းကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ လူထောင်ပေါင်းများစွာ ရေဘေးကြုံနေပြီး ကားလမ်းနှင့် ရထားလမ်းများစွာလည်း ပိတ်နေကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၅ ရက်တွင် ကြေညာသည်။

ယာလာနှင့်န နာရာသီဝတ် ပြည်နယ်နှစ်ပြည်နယ်သည် အဆိုးဆုံး ရေကြီးမှုဘေး ကြုံနေပြီး ခရိုင်များတွင် ရေကြီးရေလွှမ်းကာ စာသင်ကျောင်း အများအပြားလည်း ပိတ်ထားရသည်။

မိုးသည်းထန်ခြင်းကို ပင်လယ်ပြင်တွင်လည်း ကြုံတွေ့ရကာ ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်တို့တွင် ဒီဇင်ဘာ ၂၂ ရက်မှစတင်ကာ သင်္ဘော ခုနစ်စင်း နစ်မြုပ်သည်။ မလေးရှားနယ်စပ်သို့ ရထားဝန်ဆောင်မှုများ ရပ်တန့်ထားရကြောင်း ထိုင်းအမျိုးသားရထားကုမ္ပဏီက ပြောသည်။

ရေကြီးမှုအခြေအနေ ပို၍ ဆိုးဝါးလာပါက ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အသင့်ပြင်ထားသင့်ကြောင်း အာဏာပိုင်များက တောင်ပိုင်းပြည်နယ်များမှ ပြည်သူများကို သတိပေးထားသည်။ လက်ရှိ ပြည်နယ်အာဏာပိုင်များသည် ဌာနေအာဏာပိုင်များနှင့် ပူးပေါင်းပြီး ရေနုတ်မြောင်းများ ဆယ်ခြင်းနှင့် ပျက်စီးမှု အတိုင်းအတာအား တွက်ချက်ခြင်းများ ဆောင်ရွက်နေသည်။

အရှေ့မြောက် မုတ်သုံသည် ထိုင်းပင်လယ်ကွေ့၌ သက်ရောက်နိုင်ပြီး တောင်ပိုင်းဒေသများတွင် လေပြင်းများ တိုက်ခိုက်မည်ဟု ထိုင်းမိုးလေဝသဌာနက ယခင် ခန့်မှန်းထားသည်။ ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် မလေးရှားကမ်းရိုးတန်းတလျှောက် လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာကာ ထိုင်းတောင်ပိုင်းဒေသများသို့ ရွေ့လျားပြီး ကပ္ပလီပင်လယ်အတွင်းသို့ ကျရောက်ရာ တောင်ပိုင်းဒေသရှိ အချို့သော ဧရိယာများ၌ မိုးအလွန်သည်းထန်စွာ ရွာသွန်းသည်။

ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ပြီး အဓိကအားဖြင့် တောင်ကုန်းဒေသများနှင့် မြေနိမ့်ဒေသများအတွက် ကြိုတင်သတိရှိကြရန် ပြည်သူများအား မိုးလေဝသဌာနက အကြံပြုထားသည်။ ထိုင်းပင်လယ်ကွေ့တွင် လှိုင်းအမြင့် နှစ်မီတာမှ လေးမီတာအထိ မြင့်တက်နိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

(မိုးသဲ ဘာသာပြန်သည်။)