Online Trading စနစ်တွင် ​ငွေလဲလှယ်နှုန်းကို လွတ်လပ်စွာ ဆောင်ရွက်ရန် စစ်ကောင်စီ ထုတ်ပြန်

001(မဇ္စျိမ) ။ ။ နိုင်ငံခြား​ငွေ​ကြေး​စျေးကွက် Online Trading စနစ်တွင် ငွေလဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် စစ်​ကောင်စီလက်​အောက်ခံ ဗဟိုဘဏ်က ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက် မှန်ကန်​ကြောင်း စစ်​ကောင်စီဘက်ကလည်း ၎င်းတို့၏ ပြန်ကြား​ရေး viber group တွင် အတည်ပြုထား​​ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လက စတင်ပြီး ဗဟိုဘဏ်က ဦးဆောင်၍ AD လိုင်စင်ရဘဏ်များနှင့် အသုံးပြုသူများအကြား၊ ဘဏ်အသုံးပြုသူအချင်းချင်းအကြား နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းကို Online Trading စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်တဒေါ်လာကို ကျပ် ၂၉၂၀/၂၉၂၂ သတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading)တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်ကသတ်မှတ်ပေးမည်မဟုတ်ဘဲ နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသည့် ငွေလဲလှယ်နှုန်းအပေါ်မူတည်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာဆောင်ရွက်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့်နိုင်ငံခြားငွေအား ပြည်ပသို့လွှဲပြောင်းရာတွင် စစ်ကောင်စီနိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီလွှဲပြောင်းပေးရန်လည်း ဗဟိုဘဏ်က ဆိုထားသည်။

“သွင်းကုန်ဘက်မှာလိုင်စင်မချပေးတော့ သိပ်ပြီးထူးစရာတော့မရှိဘူး။ အခွန်ကောက်တဲ့အခါ ဘယ်နှုန်းထားနဲ့ကောက်မလဲဆိုတာ ဗဟိုဘဏ်နေ့စဉ်ပေါက်စျေးချပေးမလားလို့တွေးစရာရှိပါတယ်။ ပို့ကုန်တော့ပိုအားကောင်းလာနိုင်ပါတယ်ဗျ”ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တဦးက​ပြောသည်။

ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်ရာတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာ တဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဖြစ်ပြီး လက်ရှိပြင်ပပေါက်ဈေးမှာ တဒေါ်လာလျှင် ကျပ် ၃,၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် ဧပြီလကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်တဒေါ်လာလျှင် ၁,၈၅၀ ကျပ် ပုံသေသတ်မှတ်ခဲ့ပြီး လေးလကျော်အကြာတွင် တဒေါ်လာ ၂,၁၀၀ ကျပ်ဟုပြောင်းလဲသတ်မှတ်ခဲ့သည်။ တဖက်တွင်လည်း Online Trading စနစ်ကို ထပ်မံအကောင်အထည်ဖော်ခဲ့ကာ အဆိုပါစနစ်တွင် တဒေါ်လာလျှင် ကျပ် ၂,၉၀၀ ကျော် သတ်မှတ်ထားခြင်းဖြစ်သည်။