တိုက်ပွဲဖြစ်သည့် နေရာအနီးက အရပ်သား ၃၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

ပုံအညွှန်း- Black Eagle PDF တပ်ဖွဲ့ဝင်များ

007(မဇ္ဈိမ) ။ ။ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်၀န်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၃၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“PDF တွေက တောထဲကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာကို၊ စစ်သားတွေကလည်းပြန်ပစ်တာကနေ တနာရီ လောက်တိုက်ပွဲဖြစ်ကြတယ်၊ PDF တွေပြန်ဆုတ်သွားတော့ စစ်သားတွေက လမ်းပေါ်တွေ့သမျှ မဲမဲမြင်ရာအကုန်လိုက်ဖမ်းတော့တာပဲ၊ အဲဒီမှာ ခရီးသည်ရော ဒေသခံရော အားလုံးပေါင်း ၃၀ လောက်ပါသွားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်း-မုံရွာကားလမ်းဘေးရှိ ညောင်ပင်၀န်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ တနာရီကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်။

မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အားငါးဆယ်ခန့်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Black Eagle PDF(Black Eagle People Defence Force)အဖွဲ့က ယမန်နေ့ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် PDF များဖြစ်သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲထားပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများကတော့ ဖမ်းဆီးခံရသူများမှာ အရပ်သားဒေသခံများသာဖြစ်ကြောင်း ပြောဆိုသည်။

“ဖမ်းသွားခံရသူတွေ PDF မဟုတ်တာတော့ သေချာတယ်၊ PDF အယောက် ၃၀ ဖမ်းမိတယ်ဆိုတာ ဖြစ်နိုင်မလား၊ တွေ့ကရာလူလျှောက်ဖမ်းပြီး PDF ခေါင်းစဉ်တပ်တာ၊ (အဖမ်းခံရတဲ့အထဲ) အမျိးသမီးတွေပါ၊ မပါတော့ လောလောဆယ် ဘာမှအဆက်အသွယ်မရသေးလို့ မသိနိုင်သေးဘူး” ဟု ဒေသတွင်း တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီး၀န်းကျင်သို့ အသွားအလာ မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ညောင်ပင်၀န်းကျေးရွာသည် စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အကြား ခရီးသည်တင်ယာဉ်များ တထောက်နားသည့် နေရာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုငွေကြေး တောင်းခံသည့် ဂိတ်စခန်းတခုဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

ညောင်ပင်၀န်းကျေးရွာတွင် ယမန်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း မြင်းမူမြို့မှ စစ်ကိုင်းမြို့သို့ပြန်လာသော စစ်ကိုင်းမြို့ခံအသက်နှစ်ဆယ်၀န်းကျင် အမျိုးသားလေးဦးကို PDF ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။

စာတည်း။ ။ နောင်နောင်