မိုးညှင်းမြို့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို KIA နှင့် PDF တို့ တိုက်ခိုက်

အဂမ်(မဇ္ဈိမ)။ ။ကချင်ပြည်နယ် မိုးညှင်းမြို့တွင်ရှိသည့် လေကြောင်းကာကွယ်ရေးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

မိုးညှင်းနှင့် အင်းတော်ကြီးဒေသ လမ်းပိုင်းတခုဖြစ်သည့် ကပ်ကျော်လမ်းရှိ ရေအားလျှပ်စစ် လုံခြုံရေးဂိတ်ကို KIA တပ်ရင်း(၃၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၅ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း (သန်းခေါင်ယံကျော်)က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIAရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။

မိုးညှင်းမြို့နှင့် နန့်မွန်းမြို့နှစ်ခုကြားရှိ နန့်မွန်းသွားရာလမ်းဟောင်း (ဒေသအခေါ် ကပ်ကျော်လမ်း) ဘီလူးရေအားလျှပ်စစ်စက်ရုံအနီးမှာ စစ်အင်အား ၃၀ ထက်မနည်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တာလို့ KIAရှေ့တန်း သတင်းရင်းမြစ်က အခုလိုအတည်ပြုသည်။

“ အဲ့ဒီလမ်းဟောင်းဘက်မှာက ဒီလေကြောင်းရန် ကာကွယ်ရေးတပ်ကပဲ အဓိက လုံခြုံရေးယူပေးနေတာဟုတ်တယ်။ အဲ့တာပြီးရင် နန့်မွန့်တောင်ထိပ်က တာဝါတိုင်ကုန်း ( နန့်မွန်းဗျူးပွိုင့်) မှာပဲ ရှိတာဟုတ်တယ်။ ရတော့မရသေးဘူး။ လေကြောင်းရန်မို့ ကျနော်တို့ခဏနောက်ပြန်ဆုတ်ခဲ့တယ်။ ခုထိတော့ နှစ်ဖက်ငြိမ်နေတုန်းပဲ ”ဟု KIAသတင်းရင်းမြစ်ကပြောသည်။

ကချင်သတင်းရင်းမြစ်များနှင့် ကချင် သတင်းမီဒီယာ အချို့က အဆိုပါတပ်စခန်းကို သိမ်းပိုက်ထားခဲ့ပြီဖြစ်ကြောင်း အခိုင်အမာဖော်ပြနေသော်လည်း မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသည့် ရေအားလျှပ်စစ်နေရာအနီးရှိ အုန်းစံဆိုင်ရွာဒေသခံသတင်းရင်းမြစ်က ယင်းနေရာမှာ မိုးညှင်း – အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသော လမ်းပိုင်းတခုဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒီနေ့မနက်ပိုင်းမှာ အဆိုပါလမ်းပေါ် သွားလာမှုတွေရပ်တန့်နေတယ်လို့ အခုလိုပြောသည်။

“ စခန်းကတော့ မီးလောင်ထားတဲ့နေရာတွေ ထိခိုက်ထားတဲ့နေရာတွေ မတွေ့ရဘူး။ လမ်းမှာတော့ ဆိုင်ကယ် တစီးမီးလောင်ထားတာရှိတယ်။ စစ်တပ်ကတော့ နန့်မွန်းတာဝါတိုင်ဘက် ပြန်တက်သွားတာပြီ ဟုတ်တယ်။ အသေးစိတ်မသိရသေးဘူး ။ ” ဟု တိုက်ပွဲဖြစ်ပွားသည့် ရွာအနီးရှိ အုန်းစံဆိုင်းရွာသတင်းရင်းမြစ်က ဆိုသည်။

စစ်ကိုင်းတိုင်း ကသာမြို့လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းပြီးရင် ကချင်ပြည်နယ်အတွင်းမှာရှိသည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံအထက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး(ရေဒါစခန်း)အတွက် သီးသန့်အခိုင်အမာ တည်ဆောက်ထားသည့် တပ်စခန်းတခုလည်း ဖြစ်သည်။

ယင်းတပ်စခန်းတွင် သီးသန့်ရေအားလျှပ်စစ်များရှိကာ ယင်းလေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ လုံခြုံရေးကို မိုးညှင်းဒေသခံဌာနေပြည်သူ့စစ်များနှင့် တပ်မ (၃၃) လက်အောက်ခံ ခလရ (၁၅) တပ်ရင်းတို့ပူးပေါင်းလုံခြုံရေးယူထားသည့် တပ်စခန်းကြီး ဖြစ်သည်။

ဤလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မိုးညှင်းခရိုင်အတွင်းမှာ ရှိနေသည့် တခုတည်းသော လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းလည်း ဖြစ်သည်။

ယင်းတပ်စခန်းတိုက်ခိုက်ခံရသည့်အတွက် မိုးညှင်းမြို့နယ် ပင့်သာကျေးရွာမှာ အထိုင်ချထားသော စစ်ကောင်စီအမြောက်တပ်မှ မိုးညှင်းမြို့အဝင်ရှိ ပင်းဟဲရွာအနောက်ဘက်တောင်ကြော KIAတပ်ရင်း (၃၅) နယ်မြေဘက်ရှိ အမြောက်များ တရစပ်ပစ်ခတ်နေခဲ့သည်ဟု မိုးညှင်းဒေသခံသတင်းရင်းမြစ်များက အခိုင်အမာဆိုသည်။

စာတည်း – သန့်ဇော်(သန်လျင်)