စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ဟု AA ထုတ်ပြန်

ဓါတု(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏သတင်းနှင့် ပြန်ကြားရေးက ယနေ့ ဒီဇင်ဘာလ ၅ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ရဟတ်ယာဉ်ကွင်း နှစ်ကွင်းပါရှိသော စစ်ကောင်၏ ထိုစခန်းကို ယမန်နေ့ဒီဇင်ဘာလ ၄ ရက် နေ့လယ် ၁ နာရီ ၄ မိနစ်တွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ၊စစ်အသုံးအဆောင် ပစ္စည်းများပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

AA၏ ထိုးစစ်ကာလအတွင်း စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးပစ်ကူအပါအဝင် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများနှင့် လေကြောင်းဖြင့်ပါ နေ့ရော၊ညပါ နေ့စဥ် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် က စစ်ကောင်စီသည် ဝေဟင်မှ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြု၍ တိုက်လေယာဉ်တစီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး ဂျက်တိုက်လေယာဉ် Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့်လည်း အကြိမ်ပေါင်း ၃၀ ကျော် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ချင်း-ရခိုင်နယ်စပ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏” တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” ကုန်းကြီးနှစ်ခုအား ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ တန်ပြန် ခုခံတိုက်ခိုက်မှုကြောင့် စတင်တိုက်ခိုက်သည့်ရက်မှ ရက်ပေါင်း ၂၁ ရက်အကြာ ယမန်နေ့တွင် ထရွန်အိုင် ဗျူဟာ စခန်းကုန်းကြီးကို AAက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေသော “နှုံးဘူးဗျူဟာကုန်း” ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္စျိမအနေဖြင့်ပလက်ဝဒေသရှိဒေသခံများအားလက်ရှိအနေများမေးမြန်းရန်ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်းဖုန်းလိုင်းပြတ်တောက်မှုများကြောင့်ဆက်သွယ်၍မရခဲ့ပေ။

တိုက်ပွဲပြင်းထန်နေသည့် ပလက်ဝဒေသအပြင် ရခိုင်ပြည်နယ်၊ပေါက်တောမြို့တွင်လည်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တပ််များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး