တရုတ်ရှိ အဓမ္မလုပ်သားခိုင်းစေမှုနှင့် ဆက်စပ်နေသည့် အထည်အလိပ်ကုမ္ပဏီ ၂၆ ခုကို အမေရိကန် ပိတ်ပင်

Beijing News.net/ ANI

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသမှ ဝီဂါလုပ်သားစခန်းများနှင့် ဆက်နွယ်ပတ်သက်မှု ရှိသည်ဟု ဆိုသည့် အထည်အလိပ်လုပ်ငန်း ၂၆ ခုကို အမေရိကန်အစိုးရက မေလ ၁၆ ရက်တွင် အဓမ္မလုပ်သားခိုင်းစေမှုဆိုင်ရာ ကုန်သွယ်ကန့်သတ်ပိတ်ပင်မှု စာရင်း၌ ထည့်သွင်းပေါင်းထည့်လိုက်ကြောင်း Nikkei Asia က ဖော်ပြသည်။

အမေရိကန်၏ ထိုဆုံးဖြတ်ချက်အရ အထည်အလိပ်ကုန်သည်များ၊ ကုန်လှောင်ရုံလုပ်ငန်းများ အပါအဝင် အထက်ပါ အထည်အလိပ်လုပ်ငန်း ၂၆ ခုနှင့် ဆက်စပ်နေသည့် ထုတ်ကုန်များ အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်ခြင်းအပေါ် ပိတ်ပင်တားမြစ်မည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ထို့ပြင် ယခုလုပ်ဆောင်ချက်က အမေရိကန်ဈေးကွက်၏ ထောက်ပံ့ဖြည့်သွင်းမှုကွင်းဆက်များ (supply chain) အပေါ် ဖိအားများ တိုးမြင့်စေလိမ့်မည်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

ဟယ်နန်၊ ကျန်းစု၊ ဟူဘေနှင့် ဖူကျန်း အပါအဝင် တရုတ်၏ ပြည်နယ်များရှိ ကုမ္ပဏီများကို အဓမ္မလုပ်သားခိုင်းစေမှုဆိုင်ရာ ကုန်သွယ်ပိတ်ပင်မှု စာရင်းသို့ ပေါင်းထည့်ခဲကြောင်းနှင့် ထိုစာရင်းတွင် ယခုလက်ရှိတွင် ထည့်သွင်းခံထားရသည့် လုပ်ငန်းအရေအတွက်မှာ ၇၆ ခုအထိ ရှိနေပြီဖြစ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဌာန၏ ထုတ်ပြန်ချက်တရပ်တွင် ဖော်ပြသည်။

တူရကီ စကားပြော ဝီဂါ မွတ်စလင်များနှင့် အခြားလူနည်းစုများ အဓိက ရှိရာ တရုတ်၏ ရှင်ကျန်းဒေသ၌ ကုန်ထုတ်လုပ်မှုအတွက် အဓမ္မလုပ်သားခိုင်းစေ အသုံးပြုခြင်းအပေါ် ဆန့်ကျင်သည့် လုပ်ဆောင်ချက်များကို အမေရိကန်က ထပ်တလဲလဲ လုပ်ဆောင်ထားသည်။

ရှင်ကျန်းဒေသရှိ ဒေသခံများသည် တရုတ်အာဏာပိုင်တို့၏ လက်ထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေရသော်လည်း တရုတ်အစိုးရက ယင်းကဲ့သို့ ပြောဆိုချက်များကို လက်မခံ ပယ်ချထားပြီး အဆိုပါ အလုပ်သမား အစီအစဉ်အားလုံးက ဒေသ၌ ဆင်းရဲမွဲတေမှု လျော့ပါးစေရန် ဖြစ်ကြောင်း ပြောဆိုသည်။

ဝီဂါ အတင်းအကျပ် လုပ်သားခိုင်းစေမှု တားဆီးရေး အက်ဥပဒေ (UFLPA) သည် ယေဘုယျအားဖြင့် အဓိက ဝါ၊ချည် ဖြည့်သွင်းရာ ဒေသတခုဖြစ်သော ရှင်ကျန်းမှ “အပြည့်အဝ သို့မဟုတ် တစိတ်တဒေသ” ရင်းမြစ်ရယူသည့် သွင်းကုန်များအပေါ် ပိတ်ပင်တားမြစ်သည်။

ထိုအက်ဥပဒေ ၂၀၂၂ ၊ ဇွန်လတွင် အသက်ဝင်ပြီးနောက် ထိုဥပဒေ ပြဋ္ဌာန်းမှုနှင့်အတူ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ရှိ ပို့ကုန်များ နယ်စပ်၌ စစ်ဆေးခြင်းကို ခံခဲ့ရသည်။

ယင်းအတွက်ကြောင့် ရှင်ကျန်းဒေသမှ လာသော ထုတ်ကုန်အားလုံးသည် အဓမ္မလုပ်သားခိုင်းစေမှုနှင့် ပတ်သက်မှုမရှိကြောင်း ရှင်းလင်းပေါ်လွင်စွာ သက်သေမပြနိုင်သရွေ့ ယင်းတို့သည် အဓမ္မလုပ်သားခိုင်းစေမှု၏ ထုတ်ကုန်တခုအဖြစ် ရှုမြင်ခံရမည် ဖြစ်သည်။

အဓမ္မလုပ်သားခိုင်းစေမှုဆိုင်ရာ ကုန်သွယ်ရေးကန့်သတ်ပိတ်ပင်မှု စာရင်းတွင် ထည့်သွင်းခံရသည့် ကုမ္ပဏီများ၏ ထုတ်ကုန်များ သို့မဟုတ် အခြားကုမ္ပဏီများ၏ ကုန်ချောများနှင့်ပတ်သက်နေသည့် ကုမ္ပဏီ၏ အစိတ်အပိုင်းပစ္စည်းများသည် အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခြင်းမှ ပိတ်ပင်ခြင်းခံရမည် ဖြစ်သည်။