မြဝတီရဲစခန်း ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲခံရမှုတွင်း သေဆုံးမှုရှိသော်လည်း သတင်းဖုံးထား

ပုံအညွှန်း- မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး

YT(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီမြိို့နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်း နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဗုံးသီးထိမှန်သေဆုံးသူရှိကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြဝတီမြို့ရဲစခန်းနေရာအား ဒီဇင်ဘာလ ၆ ရက်နေ့၊ ညနေပိုင်းနှင့် ၇ ရက်နေ့ ညနေပိုင်းတို့တွင် နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲခံလိုက်ရခြင်းဖြစ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲမှု ရှိကြောင်း သိရသည်။

” ဒီတခေါက်က ဒီမှာ သတင်း သိပ်မပေါက်ဘူး ဖြစ်နေတယ်။ အရင်တခေါက် သတင်းတအားပေါက်သွားတော့ ဒီတခါ သတင်း တော်တော်ဖိထားတယ်။ ဒါပေမဲ့သေဆုံး ထိခိုက်မှုတွေတော့ ရှိတယ်။ ဆေးရုံမှာလည်း ရဲ၊ လုံခြုံရေး အရပ်ဝတ်တွေ လက်နက်တွေနဲ့တော့ ချထားတယ်” ဟု မြဝတီ ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းမှ ရဲတဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

” တယောက်သေတယ်ကြားတယ် ရဲပဲ။ ညတွင်းချင်း ဆေးရုံကားနဲ့ လာခေါ်သွားတာတဲ့။ အပစ်ခံရပြီးတော့ ရမ်းပစ်တာတွေ ရှိတယ်။ မီးတော့ မဖြတ်ဘူး မီးမှောင်ကျသွားရင် သူတို့အတွက် ပိုစိုးရိမ်ရတယ်လေ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲခံရပြီးနောက်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းအတွင်းမှ ရဲ၊ စစ်ကောင်စီတပ်သားများက သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကလည်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ခလရ (၂၇၅) တပ်ရင်းမှူး အောင်ကျော်မင်းအပါအဝင် ငါးဦးသေဆုံး၍ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)