ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

ပုံအညွှန်း −၂၀၂၁ ခုနှစ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကုန်မြို့၌စစ်ဆေးစဉ်။

ရွှေနွယ်

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကာလာပမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းနှင့် ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းတို့၌ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) ကုတင် ၁၀၀၀ စစ်ဆေးရုံ၏ လုံခြုံရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ ဖောက်ခွဲတိုက်ခိုက်လိုက်သည်ဟု Dark Shadow UG အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆေးရုံတွင် ရှေ့တန်းပြန် ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ဆေးကုသမှုခံယူနေသည်ဟု သတင်းရရှိသောကြောင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးသော်လည်း UG တပ်ဖွဲ့ဝင်များ ဘေးကင်းစွာဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် ည ၈ နာရီခန့်နှင့် ၉ နာရီခန့်တို့တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။

“၈ နာရီဝန်းကျင်လောက်မှာ ပထမတလုံးပေါက်သွားပြီးပြီ။ လူတွေအကုန်ဆိုင်တွေသိမ်းပြီး ပြန်ကုန်ကြပြီ။ ပြီးတော့ ၉ နာရီနဲ့ ၉နာရီခွဲကြားမှာတော့ တလုံးထပ်ပေါက်တယ်။ အဲ့တလုံးက သူတို့(စစ်ကောင်စီ) ရှာတော့ တွေ့တော့ ထပ်ဖောက်လိုက်တာပေါ့။ ဒီမနက်တော့ စစ်ဆေးမှုမရှိဘူး။ မနေ့ညကတော့ တွေ့တယ် အများကြီးပဲ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ)” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတဦးက မဇ္ဈိမကိုပြောသည်။

မြောက်ဥကလာပ(ဇ)ရပ်ကွက် အုပ်ချူပ်ရေမှူးရုံးကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့(၂) က ထုတ်ပြန်ထားသည်။

“အစစ်အဆေးကြမ်းတယ်။ ပေါက်ကွဲပြီးနောက် လမ်းတွေပိတ်ပြီး စစ်ဆေးတယ်ကြားတယ်။ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့လုပ်တာပါ။ နောက်ဆက်တွဲတော့ မသိရသေးပါဘူး” ဟု မြောက်ဥက္ကာလပ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ (၂)မှ တာဝန်ရှိသူက ပြောသည်။

ထို့အတူ တောင်ဒဂုံမြို့နယ်တွင်လည်း ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က သေနတ်သံ တချက်နှင့် ဗုံးပေါက်ကွဲသံ ကြားရကြောင်း မြို့နေဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပေါက်ကွဲမှုကိုမူ မည်သည့်အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

“နောက်ပစ်မှတ်များကိုလဲ ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သက်သော နေရာများ၊ စစ်ကောင်စီ မှ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ၊ အရပ်ဝတ်များဖြင့် စုဝေးရာနေရာများသို့ မသွားကြရန်နှင့် ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု Dark Shadow UG အဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက် ညပိုင်းကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ အင်းစိန် စီအိုင်ဒီ ( Criminal Investigation Department – Insein)ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံးအရှေ့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖောက်ခွဲမှုကိုမူ အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့နှင့် Yangon Army တို့က ပူးပေါင်း၍ ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ