ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံ ပြင်ဆင်သင့်မသင့် ဖိလစ်ပိုင် သုံးသပ်မည်

Photo/AFP

Daily News

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဆွဲဆောင်နိုင်ရေးအတွက် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်မသင့် လေ့လာသုံးသပ်မှုတရပ် ပြုလုပ်ရန် အမိန့်ပေးထားကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က မနေ့က ပြောသည်။

ဖွဲ့စည်းပုံမှ ဥပဒေအချို့သည် စီးပွားရေး၏ အချို့သော အပိုင်းများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို တားမြစ်ထားခြင်း သို့မဟုတ် ဟန့်တားထားခြင်း ရှိနေသည်ဟု မားကို့စ်က ပြီးခဲ့သည့်နှစ် သမ္မတဖြစ်လာချိန်မှစကာ နိုင်ငံရေးရာ တာဝန်ပေးအပ်မှု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပထမဆုံး အများပြည်သူသိ ပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသည် မားကို့စ်၏ ဆုံးပါးသွားသော အာဏာရှင် ဖခင် နာမည်တူ မားကို့စ်က နိုင်ငံကို နှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့ရာမှ ဖြုတ်ချခံရပြီး နောက်တနှစ် ၁၉၈၇ ခုနှစ်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ သမ္မတသက်တမ်းကို ခြောက်နှစ် ကန့်သတ်ထားသည်။

“ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ အခွင့်အလမ်း ကုန်ကျစရိတ်တွေကို ကျွန်တော်တို့ လေ့လာနေတယ်၊ ဒါပေမဲ့ ဖွဲ့စည်းပုံက ထုတ်နုတ်ထားတဲ့ ဥပဒေအချို့ဟာ စီးပွားရေး ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ရင် ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်မပြုထားဘူး၊ သူတို့တွေအတွက် အလားအလာ မရှိ ဖြစ်နေတယ်”ဟု မားကို့စ်က သတင်းထောက်များအား ပြောသည်။

ဖွဲ့စည်းပုံမှ စီးပွားရေး ပြဋ္ဌာန်းချက်များအရ ဖိလစ်ပိုင်၏ ဥပဒေသည် မီဒီယာကြီးများနှင့် အငယ်စား လက်လီကုန်သွယ်ရေးတို့၌ နိုင်ငံခြားရှယ်ယာထည့်ဝင်မှုများကို တားမြစ်ထားသည်။

ရုပ်သံ၊ ကြော်ငြာ၊ ပုဂ္ဂလိကမြေယာနှင့် လူနေအဆောက်အအုံ ပိုင်ဆိုင်မှု၊ ကျောင်း၊ ပင်လယ်နက် ငါးဖမ်းမှုနှင့် အခြားသော ကဏ္ဍများ၌ နိုင်ငံခြားသား ပိုင်ဆိုင်မှုများကိုလည်း ကန့်သတ်ထားသည်။

“ကျွန်တော် အရင်းခံ စိတ်ဝင်စားမှုဟာ နိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ ကောင်းမွန်တဲ့ နေရာဖြစ်အောင် ကြိုးစားသွားဖို့ပါ”ဟု မားကို့စ်က သောကြာနေ့၌ ပြောပြီး ဖွဲ့စည်းပုံ ပြင်ဆင်သင့်မသင့် လေ့လာခြင်းက အစောပိုင်း အဆင့်တွင် ရှိနေသည်ဟု ဆိုသည်။

မားကို့စ်၏ သမ္မတ သက်တမ်းသည် ၂၀၂၈ နှစ်လယ်တွင် ကုန်ဆုံးမည် ဖြစ်သည်။

သို့ရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်မှုအား နိုင်ငံရေးသမားများက မားကို့စ်၏ ဖခင်ကဲ့သို့ အာဏာကို ကြာရှည်စွာ ကိုင်စွဲနိုင်မည့် ပြင်ဆင်ခြင်းများ ထည့်သွင်းကာ အသုံးချလိမ့်မည်ဟု ဝေဖန်သူများက သတိပေးကြသည်။

ဖွဲ့စည်းပုံပါ သမ္မတ သက်တမ်းအား ပြင်ဆင်ခြင်းနှင့် ပတ်သက်၍မူ မားကို့စ်က မည်သည့် ထင်မြင်ချက်မှ ပြောထားခြင်း မရှိပေ။

(မိုးသဲ ဘာသာပြန်သည်။)