အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ‌ဗုံးကြဲခြင်းဟု NUG ထုတ်ပြန်

အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ‌ဗုံးကြဲခြင်းဟု NUG ထုတ်ပြန်

အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ‌ဗုံးကြဲခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။

အောက်တိုဘာလ (၉) ရက်၊ ည ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် (Munglai Hkyet) စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီး၊ လေကြောင်းတို့ကို တပြိုင်နက်အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

“ယခုဖြစ်ရပ်သည် အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အချိန်ကိုက် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်သည်” ဟု NUG က ဆိုသည်။

စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်သော စစ်ဘေးရှောင် စခန်းအားရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

” လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်း ရပ်တည်သွားမည်ဖြစ်သည်။ ကချင်တိုင်းရင်းသားများ၏ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ထပ်တူ နာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေးအတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်သည်” ဟု NUG က ထုတ်ပြန်သည်။

နိုင်ငံတကာအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူ ‌ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုတိုက်တွန်း ‌ကြောင်း NUG က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးသူငယ် ၁၃ ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးထက် မနည်းရှိကြောင်း ကနဦးသိရှိရပြီး မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ ပိုမိုများပြားလာနိုင်သည် ဟု NUG က ထုတ်ပြန်သည်။

ထို့အပြင် အဆိုပါ တိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးရှောင်စခန်း အပြင် စာသင်ကျောင်း ၁ ကျောင်း ၊ မူကြိုကျောင်း ၁ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်း နှင့် အရပ်သားလူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။

ဓာတ်ပုံ- လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မုန်လိုက်ခက် မြင်ကွင်း