မော်လ်ဒိုက်အတွက် ချေးငွေ ကန်ဒေါ်လာ သန်း ၅၀ အိန္ဒိယ ပံ့ပိုး  

Photo Credits: X/@MoosaZameer

The Print

အိန္ဒိယအစိုးရသည် မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး မူဆာဇာမီယာ၏တောင်းဆိုချက်အရ မော်လ်ဒိုက်ကို နောက်တနှစ်အတွက် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၅၀ ကို ငွေတိုက်လက်မှတ်ပုံစံဖြင့် ပံ့ပိုးပေးလိုက်သည်။

အိန္ဒိယနိုင်ငံတော်ဘဏ်သည် မော်လ်ဒိုက်အတွက် ယခင် ငွေတိုက်လက်မှတ်သက်တမ်းပြည့်ချိန်တွင် နောက်ထပ်တနှစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ထပ်မံပံ့ပိုးပေးလိုက်ခြင်း ဖြစ်သည်။ ထိုငွေတိုက်လက်မှတ်များကို အစိုးရအချင်းချင်းအစီအစဉ်ဖြင့် အိန္ဒိယအစိုးရဘဏ် SBI က မော်လ်ဒိုက်အစိုးရထံ အတိုးမဲ့ဖြင့် ပံ့ပိုးခြင်းဖြစ်ကြောင်း မော်လ်ဒိုက်ရှိ အိန္ဒိယအဆင့်မြင့်ကော်မရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချေးငွေသက်တမ်းထပ်တိုးခြင်းကို မော်လ်ဒိုက်အစိုးရ၏မေတ္တာရပ်ခံချက်အရ ပြုလုပ်ခြင်း ဖြစ်သည်။

မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး မူဆာဇာမီယာသည် ယခုလအစောပိုင်းက အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်စဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာအား တောင်းဆိုပြီးနောက် ငွေတိုက်လက်မှတ်သက်တမ်းတိုးရန် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်ဟု မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်လ်ဒိုက်အတွက် ဘတ်ဂျက်ခွဲဝေခြင်းပုံစံဖြင့်  အိန္ဒိယအစိုးရ၏ ပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်လ်ဒိုက်သည် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအများအပြားနှင့် သက်ရောက်မှုကြီးမားသော ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများကို အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကာ ယင်းက ကြီးမားသောထောက်ပံ့ကူညီမှု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ဆိုသည်။

မော်လ်ဒိုက်အစိုးရသည် အပြန်အလှန် အကျိုးစီးပွားနှင့် ၎င်းတို့ပြည်သူများ၏ သာယာဝပြောရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ထားသည်။