တရုတ်အနောက်မြောက်ပိုင်း၌ ငလျင်လှုပ်မှုကြောင့် လူ ၁၁၆ ဦးထက်မနည်း သေဆုံး

ငလျင်ကြောင့် နေအိမ်များပြိုကျစဥ်/Photo:AFP

AFP- တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် မြေငလျင်တခု လှုပ်မှုကြောင့် အဆောက်အအုံများ ပြိုကျပြီး လူ ၁၁၆ ဦးထက်မနည်း သေဆုံးကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြသည်။ ကယ်ဆယ်ရေးလုပ်သားများသည် အလွန်အေးသည့် အခြေအနေများအောက်တွင် အပျက်အစီးများအောက် စတင်တူးဖော် ရှာဖွေနေကြသည်။

ညသန်းခေါင်ဝန်းကျင်အချိန်က အားပြင်းပြီး အနက်တိမ်သည့် ငလျင်တခု လှုပ်ပြီးနောက် ကန်းစုပြည်နယ်တွင် လူ ၁၀၅ ဦးထက်မနည်း သေဆုံးပြီး လူ ၄၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတာဝန်ရှိသူများက ပြောသည်။

အနီးအနား ချင်းဟိုင်ပြည်နယ်နှင့် ဟိုင်ဒေါင်မြို့တွင်လည်း အခြား လူ ၁၁ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကြောင်း နိုင်ငံပိုင် စီစီတီဗွီရုပ်သံက ဖော်ပြသည်။

ငလျင်ကြောင့် လူနေအိမ်များ ပြိုကျပျက်စီးပြီး အခြားသိသာထင်ရှားသည့် အပျက်အစီးများကိုလည်း ဖြစ်ပေါ်စေကာ လူများသည် ဘေးကင်းရေးအတွက် လမ်းများပေါ် အလျင်အမြန် ပြေးထွက်ခဲ့ကြရကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

“ကျွန်မ သေလောက်အောင်ကို ကြောက်မိခဲ့တယ်။ ကျွန်မ လက်တွေ၊ ခြေထောက်တွေ ခုထိ တုန်နေတာကိုသာ ကြည့်ပါ” ဟု အသက် ၃၀ ခန့်ရှိ အမျိုးသမီးတဦးက ပြောကြားသည့် ဗီဒီယိုတခုကို နိုင်ငံပိုင် People’s Daily သတင်းစာနှင့် ပတ်သက်သည့် ဆိုရှယ်မီဒီယာအကောင့်တွင် တင်ထားသည်။

စီစီတီဗွီသတင်းဌာနက ဖော်ပြသည့် ရုပ်သံတခုတွင် ငလျင်ကြောင့် ပြိုကျထားသည့် အိမ်တလုံးမှ ပြန့်ကျဲနေသည့် အင်္ဂတေများအကြား မိသားစုပိုင်ပစ္စည်းများကို တွေ့ရသည်။

အင်္ဂါနေ့ မနက်အစောပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် “အစွမ်းကုန် ကြိုးစားလုပ်ဆောင်ကြရေး” တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းထားသည်။

မြင့်မားသော အရပ်ဧရိယာ၌ အပူချိန်များသည် အလွန့်အလွန်အေးနေသည့်အတွက် ကယ်ဆယ်ရေးလုပ်သားများအနေဖြင့် နောက်ထပ် ဖြစ်လာနိုင်သည့် ဘေးဒုက္ခဆိုးများအတွက် သတိရှိသင့်ကြောင်း ၎င်းက ပြောသည်ဟု စီစီတီဗွီရုပ်သံက ဖော်ပြသည်။

ဟိုင်ဒေါင်မြို့ရှိရာ ချင်းဟိုင်ပြည်နယ် နယ်စပ်အနီး ကန်းစုပြည်နယ်တွင် လှုပ်ခဲ့သည့် ငလျင်၏ ပြင်းအားသည် ၅ ဒသမ ၉ အဆင့်ရှိသည်ဟု အမေရိကန် ဘူမိလေ့လာမှုဌာနအရ သိရသည်။

ငလျင်၏ ဗဟိုချက်သည် ကန်းစုပြည်နယ်၏ မြို့တော် လန်ကျိုး၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့် (မိုင် ၆၀) တွင် ဖြစ်ကြောင်း သိရသည်။