ထယ်ဘွေး စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

မတူပီမြို့နယ်၊ ထယ်ဘွေးစစ်ကောင်စီတပ်စခန်း/ပုံ-CDF_Matupi

ကိုခင်မောင်(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထယ်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၁၉ ရက် ယနေ့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သည်ဟု CDF – Mindat မှ တာဝန်ရှိသူက မဇ္စျိမကို အတည်ပြုပြောကြားသည်။

အဆိုပါ ထယ်ဘွေးစစ်ကောင်စီတပ်စခန်းကို CDF-Matupi မှဦးဆောင်ကာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်သော CNDF ၊ CDF-Lautu ၊ CDF-Mindat တို့ကပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ထယ်ဘွေးစစ်ကောင်စီတပ်စခန်းက ပလက်ဝနဲ့ မတူပီကြားက နယ်ခြားစခန်းတခုဖြစ်ပါတယ်။ ကျ‌နော် တို့ပြောနိုင်တာကတော့ ထယ်ဘွေးစခန်းသိမ်းတယ်ဆိုတာ အတည်ပြုပြောနိုင်တယ်”ဟု ချင်းလဲန်းကာ ကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat မှ တာဝန်ရှိသူက ပြောသည်။

အခြေအနေ အပြည့်အစုံအား CDF-Matupi က မကြာခင်ထုတ်ပြန်မည်ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ဦးခန့် တပ်စွဲထားသော ထယ်ဘွေးစခန်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစ၍ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တရက်ကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း CDF – Mindat မှတာဝန်ရှိသူက ပြောသည်။

ယမန်နေ့တိုက်ပွဲအတွင်း ထယ်ဘွေး စစ်ကောင်စီတပ်စခန်း မဆုံးရှုံးစေရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗန်ကိုင်းကျေးရွာမှ ဒေသခံလေးဦး သေဆုံးခဲ့သည်။

ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိရာ မတူပီမြို့နယ် အတွင်း လိုင်လင်းပီနှင့်ရေဇွာ စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာလအတွင်းက တိုက်ခိုက်သိမ်းပိုက် ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ