ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကြောင့် အစ္စတန်ဘူလ်စပို့အသင်းဥက္ကဋ္ဌက ကစားသမားတွေကို ကွင်းအတွင်းမှ ခေါ်ထုတ်

BBC

ထရက်စဘွန်စပို့နဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေဖြင့် အစ္စတန်ဘူလ်စပို့အသင်းရဲ့ ဥက္ကဋ္ဌက သူ့အသင်းကို ကွင်းအတွင်းမှ ထွက်သွားစေခဲ့ပြီးနောက် တူရကီထိပ်တန်းပွဲစဉ်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။

ဒိုင်လူကြီးတဦးကို လက်သီးဖြင့် ထိုးခဲ့မှုကြောင့် ရပ်နားထားရပြီး တပတ်အကြာ တူရကီဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်တဲ့ နေ့မှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာ ပေါလ်အိုနာချူက ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပြီးနောက် ထရက်စဘွန်စပို့အသင်းက ၂-၁ ဂိုးနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒါပေမယ့် အစ္စတန်ဘူလ်စပို့ကတော့ ပြိုင်ဘက်ရဲ့ ဒုတိယဂိုးမသွင်းခင်မှာ သူတို့ဟာ ပင်နယ်တီပြစ်ဒဏ်ဘော ရသင့်တယ်လို့ ဆိုပါတယ်။

ဥက္ကဋ္ဌ Ecmel Faik Sarıalioglu က ကွင်းထဲကို ဆင်းလာခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ ဆန္ဒပြကန့်ကွက်မှုဖြင့် သူ့ရဲ့ ကစားသမားတွေကို နုတ်ထွက်ခိုင်းပါတယ်။

အစ္စတန်ဘူလ်စပို့ ကစားသမားတချို့ဟာ အသင်းဥက္ကဋ္ဌကို သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့ စည်းရုံးပြီးကြိုးပမ်းခဲ့ပါတယ်။ အိုင်ဗရီကို့စ်နောက်ခံလူ ဆိုင်မွန်ဒေလီနဲ့အတူ သူ့ရှေ့ ဒူးထောက်နေပုံကို တွေ့ရမှာပါ။

“ဒါဟာ ဘောလုံးအတွက် ဝမ်းနည်းစရာကောင်းတဲ့ နေ့တနေ့ပါ … ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အခုအချိန်ကစလို့ ကျနောတို့ စောင့်မျှော်နေပါတယ်”လို့ ထရက်စဘွန်စပို့နည်းပြ အဗ္ဗဒူလာ အက်ဗ်ချီက ပြောပါတယ်။

“ပြိုင်ဘက်အသင်းမှ ကစားသမားတွေ ကွင်းထဲက ထွက်ခွာသွားတာကြောင့် ပွဲချိန် ၇၃ မိနစ်မှာ ပွဲရပ်နားလိုက်ရတယ်”လို့ထရက်စဘွန်စပို့အသင်းက X (အရင် Twitter)မှာ ရေးတင်ခဲ့ပါတယ်။

အစ္စတန်ဘူလ်စပို့အသင်းဟာ စူပါလစ်ဂ်ရဲ့ ဇယား အောက်ဆုံးမှာ ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်က ရီဇီစပေါ်ကို ၁-၁ ဂိုးနဲ့ သရေကျအပြီး အန်ကာရာဂူကူအသင်းဥက္ကဋ္ဌ ဖာရုကိုကာဟာ ကွင်းထဲကို ပြေးဝင်ပြီး ဒိုင်လူကြီး ဟာလစ်ယူမတ်မယ်လာကို လက်သီးဖြင့် ထိုးခံပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ကမ္ဘာတဝန်းက အာရုံစိုက်ခံရပြီး တွင်ကျယ်စွာ ရှုတ်ချခံခဲ့ရတဲ့ ဒီအဖြစ်အပျက်ကြောင့် တူရကီဘောလုံးအဖွဲ့ချုပ် (TFF) က နိုင်ငံတွင်းလိဂ်အားလုံးကို တပတ်ကြာ ရပ်နားထားခဲ့ပါတယ်။

ကိုကာကို TFF က ဘောလုံးကနေ ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။

အင်္ဂါနေ့မှာ ပွဲစဉ်တွေ ပြန်လည်စတင်တဲ့အချိန်မှာ ဆီဗာစပို့အသင်းနဲ့ ဘာရှာရှီဟစ်ခ်ရဲ့ ပွဲစဉ်မတိုင်ခင် “လေးစားမှု”ဆိုတဲ့ တီရှပ်တွေ ဝတ်ဆင်ထားတဲ့ ကလေးတွေက ဒိုင်လူကြီးတွေကို ပန်းတွေ ပေးအပ်ခဲ့ကြပါတယ်။