ဂျပန်-မြောက်ကိုရီးယား ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပြုံယမ်းမှာ ကစားမည်ဟု JFA ပြော

By PKThawn

မြောက်ကိုရီးယားနဲ့ ရင်ဆိုင်တွေ့ဆုံမယ့် ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဒီလနှောင်းပိုင်းက စီစဉ်ထားတဲ့အတိုင်း ပြုံယမ်းမှာပဲ ကစားမှာဖြစ်ကြောင်း ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA)က တနင်္လာနေ့မှာ ပြောပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲအတွက် ၎င်းတို့တွေရဲ့ အမျိုးသမီးခြေစစ်ပွဲ playoff ပထမအကျော့ကို မြောက်ကိုရီးယားမြို့တော်ကနေ ဆော်ဒီအာရေဗီးယားဆီ ကြားကွင်းအဖြစ် ပြီးခဲ့တဲ့လက ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လေယာဉ်ခရီးစဉ် ရှားပါးခြင်းနဲ အခြားသော ပြဿနာတွေကြောင့် ပြုံယမ်းကနေ အဝေးပွဲစဉ်အဖြစ် ရွှေ့ပေးဖို့ JFA က အာရှတာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပြီးနောက် အခုလို ထွက်ပေါ်လာတာပါ။

အမျိုးသားပွဲစဉ်ကို သတ်မှတ်ရက်အတိုင်း မတ်လ ၂၆ ရက်မှာ ပရိသတ် ၅၀,၀၀၀ ဆံ့ ကင်အီဆွန်း အားကစားကွင်းမှာ ကစားမယ်လို့ JFA က အကြောင်းကြားထားပါတယ်။

၎င်းတို့နှစ်သင်းဟာ မတ်လ ၂၁ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တိုကျိုမြို့က အမျိုးသားအားကစားကွင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားလည်းဖြစ်ပါတယ်။

ဂျပန်အသင်းဟာ ဒီခြေစစ်ပွဲမှာ မြန်မာ၊ ဆီးရီးယားတို့ကို အနိုင်ရထားပါတယ်။

မြောက်ကိုရီးယားဟာ ရန်ကုန်မှာ မြန်မာအသင်းကို  ၆-၁ နဲ့ ဂိုးပြတ်နိုင်ပွဲမရခင် ဆော်ဒီအာရေးဗီးယားက ကြားကွင်းမှာ ဆီးရီးယားကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၇ အရှေ့အာရှချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းတို့ရဲ့ အမျိုးသားအသင်းတို့ဟာ များမကြာသေးမီက ကစားခဲ့ကြပြီး ဂျပန်အသင်းက ၁-၀ နဲ့ အနိုင်ရထားပါတယ်။

ဒီနှစ်သင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ၂၀၁၄ နိုဝင်ဘာလက ပြုံယမ်းမှာ နောက်ဆုံးကစားခဲ့တာပါ။

မြောက်ကိုရီးယားက ၁-၀ ဂိုးနဲ့ ကင်အီဆွန်း ကွင်းမှာ အနိုင်ရခဲ့ပေမယ့် ဂျပန်က ဘရာဇီးလ်ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်ခဲ့စဉ် မြောက်ကိုရီးယားကတော့ ဝင်ခွင့်မရခဲ့ပါဘူး။

(AFP)