NUG-MOD ကွပ်ကဲမှုအောက်ရှိ SOF အထူးတပ်ဖွဲ့တပ်ခွဲအဖြင့် ရေးဘီးလူးအဖွဲ့ ပူးပေါင်း

ပုံအညွှန်း- SOF တာဝန်ခံ ကိုအောင်စံရှား၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး – ၂ ရဲဘော်စောရှား၊ ရေးဘီလူးအဖွဲ့ခေါင်းဆောင်

ဂျူချန်း

(မဇ္ဈိမ)။ ။ တော်လှန်ရေးကို အရှိန်မြှင့်တင်လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၏ တပ်ခွဲတခုအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၂၂ ရက် ညတွင် ထုတ်ပြန်သည်။

မွန်ပြည်နယ်တခုလုံးတွင် တိုက်ပွဲအရှိန်မြှင့်ရန်နှင့် ပြည်သူအားကိုးရသည့် တပ်ဖွဲ့ဖြစ်လာရန်အတွက် MOD၏ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲမှုကို ခံယူလိုက်ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

“MOD အောက်ကနေသွားရင် ကျနော်တို့ စနစ်ကျလာမယ်။ ကျနော်တို့ ခဲယမ်းပိုင်းတွေလည်း ပိုပြီး အားကောင်းလာမယ်။ ပြည်သူတွေလည်း အားရမယ်လို့ ကျနော်မျှော်လင့်မိပါတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကပြောသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် MOD၏ ကွပ်ကဲမှုကို ခံယူခြင်းသည် တော်လှန်ရေးအတွက် အားတခုဖြစ်စေပြီး စစ်ဆင်ရေးတွင် နယ်မြေကျွမ်းကျင်မှုကြောင့် မဟာဗျူဟာကျကျဖြင့် ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း SOF တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

“သူတို့ တပ်ဖွဲ့က NUG အောက်မှာ ပါဝင်လာတဲ့အတွက် တော်လှန်ရေးအတွက် အများကြီး အားတခု ဖြစ်တယ်။ အဓိက လိုအပ်နေတာက တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုဖြစ်တယ်။ ရေးဘီလူးအဖွဲ့က နယ်မြေကျွမ်းကျင်တဲ့အတွက် မွန်ပြည်နယ်နဲ့ ပတ်သက်တဲ့ မြို့ပြစစ်ဆင်ရေးတွေကိုလည်း ပူးပေါင်းပြီး အရှိန်မြှင့်လုပ်နိုင်မယ်ပေါ့နော်။ SOF ရဲ့ တပ်ခွဲအနေနဲ့ ပါဝင်လာတဲ့အတွက် ရေးဘီလူးအဖွဲ့ကို မွမ်းမံသင်တန်းတွေလည်း ပြန်ပေးဖို့ ရှိတယ်။ ရေဘီလူးအဖွဲ့ လာပေါင်းတဲ့အနေနဲ့ အစစအရာရာ အားဖြစ်ရပါတယ်” ဟု ကိုအောင်စံရှားက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း၊ရေးမြို့နယ်တွင် အခြေစိုက်သော ရေးဘီလူးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

” စစ်ဒေသကွပ်ကဲမှုအောက်ကို ဝင်လိုက်တာက ကျနော်တို့ ဥပဒေဘောင်နဲ့ သွားချင်လို့ဗျ။ အားကိုးရတဲ့ တပ်တတပ်လည်း ဖြစ်လာအောင်လို့ပါ” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

စာတည်း – အေးချမ်း