ကလေးသူငယ်များကို အကာအကွယ်ပေးရေးအတွက် ပိုမိုလုပ်ဆောင်ရန် ထိုင်းအစိုးရကို ကုလ ပြော

ဘန်ကောက်ပို့စ်

ထိုင်းအစိုးရအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို အကာအကွယ်ပေးခြင်းကို ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် ရှုမြင်သင့်ပြီး ကလေးများ၏ အသံများကို နားထောင်သင့်ကြောင်း ကလေးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နာဂျတ် မာလာ အမ်ဂျစ်ဒ်က ပြောသည်။

ထိုင်းအစိုးရသည် အမျိုးသား မဟာဗျူဟာတရပ်၊ အရေးယူဆောင်ရွက်မှု အစီအစဉ်များနှင့် ဥပဒေများမှတဆင့် ကလေးများအပေါ် အကြမ်းဖက်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ခိုင်မာအားကောင်းသည့် ကတိပြုချက်တရပ် ရှိသည်ဆိုသော်လည်း ကလေးများနှင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ခြင်းအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသား လုံခြုံမှု ဝန်ကြီးဌာနတခုတည်းကသာလျင် တာဝန်ရှိနေကြောင်း သူမက ဘန်ကောက်ပို့စ်နှင့် အင်တာဗျူးတခုတွင် ပြောသည်။

“ကလေးတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးရာမှာ အစိုးရအေဂျင်စီအားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ အများပြည်သူ ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ ပြည်ထဲရေးလိုမျိုး ဝန်ကြီးဌာနတွေလည်း ပါဝင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဌာနတခုစီတိုင်းဟာ ဒီအလုပ်ရဲ့ တစိတ်တပိုင်းဖြစ်နေလို့ပါ။ ဒါက ဝန်ကြီးဌာနတခုတည်းအတွက် သီးသန့်လုပ်ငန်းတခု မဟုတ်ပါဘူး။ ဒါက ကဏ္ဍတခုတည်းအတွက် သီးသန့်သက်သက် မဟုတ်ပါဘူး” ဟု သူမက ပြောသည်။

ထိုင်းနိုင်ငံတွင် လက်ရှိအချိန်အထိ ကလေးများကို အကာအကွယ်ပေးရေးအတွက် အရေးပါလှသည့် လူမှုဆိုင်ရာ လုပ်သားအင်အားတခု ရှိမနေသေးကြောင်း သူမက ပြောသည်။

၎င်းတို့၏ တာဝန်ဝတ္တရားများမှာ ကလေးငယ်များကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးရေးသာမကဘဲ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ကျေးလက်ဒေသများရှိ ရွှေ့ပြောင်းကလေးများ သို့မဟုတ် ဆင်းရဲသည့် မိသားစုများမှ ကလေးများ ကဲ့သို့ မတူညီသော အခြေအနေများအောက်တွင် အကြမ်းဖက်မှု ဘေးမကင်းဘဲ ဖြစ်နိုင်သည့် ကလေးများကို စောင့်ကြည့် အကာအကွယ်ပေးရေးနှင့်လည်း သက်ဆိုင်သည်။

အကြမ်းဖက်မှု သို့မဟုတ် အခြား ကောင်းကျိုးသုခ ပြဿနာတခုခုဒဏ်ခံရသည့် ကလေးများကို ကူညီရန် တိုက်ရိုက်နှင့် အလျင်အမြန် ဆောင်ရွက်မှု ပေးအပ်နိုင်သော ကောင်းစွာလေ့ကျင့်ထားသည့် လူမှုဆိုင်ရာ လုပ်သားများ ရှိရန်က အလွန်အရေးကြီးသည်။