ရိုဟင်ဂျာနေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ကို ဩစတြေးလျက ဒေါ်လာ ၂၃၅ သန်း ပံ့ပိုးမည်

BSS

အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာတသန်းကျော် ဂုဏ်သိက္ခာရှိစွာဖြင့် နေရပ်ပြန်နိုင်ရေးအတွက် ဩစတြေးလျက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်းခန့် ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။

ရာထူးမှ ထွက်ခွာတော့မည့် ဒါကာဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး ဂျရမီး ဘူအာက ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာထံ သွားရောက်နှုတ်ဆက် တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် ၎င်းတို့သည် နှစ်နိုင်ငံ အကျိုးတရားများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ပြန်ကြားရေးအတွင်းဝန်က သတင်းထောက်များကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒီမိုကရေစီလုပ်ငန်းစဉ်သည် ၂၀၀၈ ခုနှစ်မှစပြီး ဆက်လက်ဖြစ်ပေါ်နေခဲ့ကြောင်း၊ သို့သော် နိုင်ငံသည် ကာလအတော်ကြာ စစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့ရကြောင်း ဟာစီနာက ပြောသည်။

ရိုဟင်ဂျာ အရေးကိစ္စနှင့်ပတ်သက်ပြီး ဩစတြေးလျသံအမတ်က ပြောကြားရာတွင် အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာ တသန်းကျော် မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ကို ထောက်ခံကြောင်း ထပ်လောင်း ပြောဆိုပြီး ဩစတြေးလျအနေဖြင့် ၎င်းတို့အတွက် ဒေါ်လာ ၂၃၅ သန်း ပေးအပ်မည်ဟု ပြောဆိုကြောင်း သိရသည်။