တရုတ်၏ လွန်ကဲသော ပင်လယ်ရေကြောင်းပိုင်နက်တောင်းဆိုမှုများက လွတ်လပ်စွာ ရေကြောင်းသွားလာမှုအပေါ် ခြိမ်းခြောက်နေ

Photo:Courtesy USS McCampbell (DDG 85) Facebook

မဇ္ဈိမ      

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်တောင်းဆိုမှုဆိုင်ရာ နောက်ထပ် အရှိန်မြင့်တက်မှုအဖြစ် တရုတ်သည် နိုင်ငံတကာရေပြင်ထဲ နက်နက်ရှိုင်းရှိုင်း ချဉ်းနင်းထိပါးလျက်ဖြင့် တွန်ကင်ပင်လယ်ကွေ့မြောက်ဘက်၌ ပြန့်ကားသော အခြေခံမျဉ်းသစ်တခုကို တဖက်သတ် ရေးဆွဲခဲ့သည်။ နိုင်ငံတကာ ဥပဒေအပေါ် လွန်ကဲစွာ ချိုးဖောက်မှုအဖြစ် အကဲခတ်များက ရှုမြင်သည့် တရုတ်၏ အဆိုပါ ဗြောင်ကျသော လုပ်ဆောင်ချက်ကြောင့် ဗီယက်နမ်ထံမှ ကန့်ကွက်ဆန္ဒပြမှုတို့ကို ထွက်ပေါ်စေသလို ပင်လယ်ရေကြောင်း စည်းမျဉ်း၊ သတ်မှတ်ချက်များအပေါ် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အလေးမထားမှုနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်မှုတို့ကို ဖြစ်ပေါ်စေသည်။

ဗီယက်နမ်ဘာသာစကားဖြင့် ဗင်ဟ်ဘက်ဘို ဟု သိကြသည့် တွန်ကင်ပင်လယ်ကွေ့သည် ဗီယက်နမ်နှင့် တရုတ်တို့ မျှဝေသုံးသည့် မဟာဗျူဟာအရ အရေးပါသည့် ရေလမ်းကြောင်းတခု ဖြစ်ပြီး နှစ်နိုင်ငံစလုံးအတွက် အလွန့်အလွန်ကြီးမားသည့် စီးပွားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပတ်သက်သက်ရောက်မှုများ ရှိသည်။ နှစ်များကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် ဗီယက်နမ်နှင့် တရုတ်သည် ပင်လယ်ကွေ့ရှိ .ကုန်းမြေထုဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းများ၊ အထူးသီးသန့် စီးပွားရေးဇုန်များနှင့် တနိုင်ငံချင်းစီ၏ ပိုင်နက်ပင်လယ်ပြင်များကို ရှင်းရှင်းလင်းလင်း နယ်နိမိတ် ပိုင်းခြားသတ်မှတ်လျက်ဖြင့် ပင်လယ်ရေကြောင်း နယ်နိမိတ် အနားသတ်မှု သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ အထင်ကရ သဘောတူညီချက်သည် နိုင်ငံတကာ ဥပဒေအပေါ် ထိန်းသိမ်းလိုက်နာမှုနှင့် ဒစ်ပလိုမေစီနည်းမှတဆင့် ပင်လယ်ရေကြောင်း အငြင်းပွားမှုများကို ဖြေရှင်းခြင်းအတွက် စံပုံစံတခုအဖြစ် ချီးကျူးခံခဲ့ရသည်။

သို့သော် CCP ၏ ယခုမကြာသေးသည့် တဖက်သတ် လုပ်ဆောင်ချက်က အဆိုပါ ခက်ခက်ခဲခဲ ရရှိထားသော သဘောတူညီချက်ကို ထိခိုက်တိုက်စားစေရန်နှင့် ဒေသတွင်း တင်းမာမှုများကို ထပ်မံအရှိန်မြင့်တက်စေရန် ခြိမ်းခြောက်နေသည်။ နိုင်ငံတကာ ရေပြင်ထဲ ရေမိုင် ၅၀ အထိ ကျူးကျော်ထိပါးနေသည့် အခြေခံမျဉ်းသစ်တခု ရေးဆွဲခြင်းအားဖြင့် တရုတ်သည် နိုင်ငံတကာ ဘုံပိုင်ဖြစ်သော ပင်လယ်ရေကြောင်း ပိုင်နက်နယ်မြေတကြောကို ပိုင်ဆိုင်သည် ဆိုပြီး တောင်းဆိုနေသည်။ အဆိုပါ ဗြောင်ကျသည့် မရဲဘဲ ကျွဲပြဲစီးမှု လုပ်ရပ်က ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (UNCLOS) ၏ အနှစ်သာရနှင့် ဥပဒေကို ချိုးဖောက်ရုံတင်မကဘဲ အခြေခိုင်နေသော ပင်လယ်ရေကြောင်း နယ်သတ်မျဉ်းများနှင့် စံသတ်မှတ်ချက်များအပေါ် အလေးမထားခြင်းအတွက် အန္တရာယ်ရှိသော သာဓကတရပ်ကို ချမှတ်နေသည်။

တရုတ်၏ လွန်ကဲသော ပိုင်နက်တောင်းဆိုမှုများ၏ ဂယက်ရိုက်ခတ်မှုများက ကျယ်ပြန့်သည့် သက်ရောက်မှုများ ရှိသလို အလွန်တရာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ အခြေခံမျဉ်းသစ်အတွင်း ချဲ့ထွင်ထားသော နိုင်ငံတကာ ရေပြင်အပေါ် စီရင်ပိုင်ခွင့်ကို အခိုင်အမာ ဆိုခြင်းအားဖြင့် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် လုံခြုံရေးအတွက် အလွန်အရေးပါသော UNCLOS ၌ ထိန်းသိမ်းထားရှိသည့် စည်းမျဉ်းမူများ၊ အပြစ်မဲ့ဖြတ်သန်းသွားလာမှုနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာမှုတို့ကို ဟန့်တားနိုင်သည်။ ကော်မာရှယ် သင်္ဘောများနှင့် ရေတပ်ရေယာဉ်သင်္ဘောများအပါအဝင် နိုင်ငံခြားသင်္ဘောများသည် ယခုအခါတွင် အဆိုပါ ရေထုသို့ ဝင်ခွင့်ပိတ်ပင်ခံရခြင်း သို့မဟုတ် ကန့်သတ်မှုများနှင့် ရင်ဆိုင်ရနိုင်ပြီး ဖြစ်နိုင်ဖွယ်ရာအားဖြင့် အလွန်အရေးပါသော သင်္ဘောအသွားအလာ လမ်းကြောင်းများကို အလျဉ်ပြတ်တောက်စေနိုင်သလို ထိပ်တိုက်တွေ့မှု အန္တရာယ်ကိုလည်း မြင့်တက်စေနိုင်သည်။

ထို့ပြင် ယခု အခြေခံမျဉ်းသစ်က ဖြစ်နိုင်ခြေအားဖြင့် ဗီယက်နမ်ကို ‘၂၀၀၀ ပြည့်နှစ် နယ်နိမိတ် သဘောတူညီချက်’ ကို ပြန်လည်ညှိနှိုင်းစေရေး တွန်းအားပေးရန် တရုတ်အတွက် မူမမှန်သော အကြောင်းပြချက်တခု ပေးနိုင်သလို ခက်ခက်ခဲခဲ ရထားသည့် ဒစ်ပလိုမေစီ အကျိုးအမြတ်များကို ထပ်မံတိုက်စားကာ ဒေသတွင်း တင်းမာမှုများကို အရှိန်မြင့်တက်စေမည် ဖြစ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ချက်မျိုးက ရှိရင်းစွဲ ပင်လယ်ရေကြောင်း သဘောတူညီချက်များ၏ အများယုံကြည်လက်ခံမှုအပေါ် တိုက်စားရုံတင်မကဘဲ တောင်တရုတ်ပင်လယ်နှင့် ပြင်ပရှိ အခြားသော အငြင်းပွား နယ်မြေများအတွက် အန္တရာယ်ရှိသော သာဓကတခုကို ချမှတ်လျက် တရုတ်၏ ပြန်လည် ပြင်ဆင်ရေး ရည်မှန်းချက်များကို ရဲဆေးတင်ပေးရာ ရောက်မည်ဖြစ်သည်။

အမျိုးသား အချုပ်အချာအာဏာနှင့် တရားစီရင်ပိုင်ခွင့်ကို အခိုင်အမာ အရေးဆိုလျက် ယခု လွန်ကဲသော ပင်လယ်ရေကြောင်း ပိုင်နက်တောင်းဆိုမှုအတွက် CCP ၏ ရှင်းချက်ထုတ်မှုက ပေါ့တန် အနှစ်သာရ မရှိဖြစ်နေပြီး အခြားနိုင်ငံများ၏ အခွင့်အရေးများနှင့် နိုင်ငံတကာ ဥပဒေအပေါ် အလေးမထားခြင်းကို လှစ်ခနဲ ပြသနေသည်။ အတူမျှဝေသည့် ရေပြင်အပေါ် ကျူးကျော်ထိပါးခြင်းနှင့် နယ်နိမိတ်များကို တဖက်သတ် ပြန်ဆွဲခြင်းအားဖြင့် တရုတ်သည် စည်းမျဉ်း အခြေပြု နိုင်ငံတကာ ဖွဲ့စည်းပုံစနစ်၏ အဓိက အုတ်မြစ်ကို တိုက်စားလျက် ယင်း၏ ကိုယ်ပိုင် ကျဉ်းမြောင်းသော အကျိုးတရားများနှင့် ကိုက်ညီမည့် စည်းမျဉ်းများကို ပြန်ပြင်ဆွဲရန် ကြိုးပမ်းလျက် ရှိသည်။

အရေးကြီးသည်က တွန်ကင် ပင်လယ်ကွေ့ရှိ တရုတ်၏ လုပ်ဆောင်ချက်များက တောင်တရုတ်ပင်လယ်၌ ရန်လိုသော အပြုအမူ၏ ကျယ်ပြန့်သော ပုံစံတခု၏ တစိတ်တဒေသဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင် တရုတ်သည် လူလုပ်ကျွန်းများကို စစ်ပုံသွင်းထားသလို ဒေသတွင်း အိမ်နီးချင်းများကို ခြိမ်းခြောက်ကာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း အလေးမထားသည့် ပိုင်နက်တောင်းဆိုမှုများကို သိမ်းကျုံးလုပ်ဆောင်ထားသည်။ ပါရာဆဲလ် ကျွန်းများမှစပြီး စပရတ်တလေကျွန်းစုအထိ တရုတ် CCP သည် အခြားသော နိုင်ငံများ၏ အချုပ်အချာအာဏာ အခွင့်အရေးများနှင့် အကျိုးတရားများအပေါ် လေးစားလိုက်နာလိုခြင်း မရှိသည့် စိတ်ဆန္ဒကို မကြာခဏ ထုတ်ဖော်ပြသထားပြီး ဒေသတွင်း မတည်မငြိမ်မှုကို မီးထိုးပေးနေသလို အငြင်းပွားမှုများအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ယင်း၏ ကတိပြုချက်အပေါ် ယုံကြည်လက်ခံမှုကိုလည်း တိုက်စားစေလျက် ရှိသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တွန်ကင်ပင်လယ်ကွေ့ရှိ တရုတ်၏ တမင်ဆွသော လုပ်ဆောင်ချက်များအပေါ် မသိကျိုးကျွန်ပြု၍ ရနိုင်မည် မဟုတ်ပေ။ တရုတ်၏ လွန်ကဲသော ပင်လယ်ရေကြောင်း ပိုင်နက်တောင်းဆိုမှုများအပေါ် လိုက်လျောပါက အန္တရာယ်ရှိသော သာဓကတခုကို ချမှတ်ရာ ရောက်မည်ဖြစ်သလို CCP အတွက် ယင်း၏ ပြန်လည်ပြင်ဆင်ရေး ရည်မှန်းချက်များကို အရှိန်မြှင့်လုပ်ဆောင်စေရန်နှင့် ဆယ်စုနှစ်များကြာ သာယာဝပြောမှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ကျောထောက်နောက်ခံပြုထားသည့် စည်းမျဉ်းအခြေပြု စနစ်ကို ထပ်မံတိုက်စားစေရန် ရဲဆေးတင်ပေးရာ ရောက်မည် ဖြစ်သည်။

ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်သည့် တုံ့ပြန်မှုမျိုးက အလွန်အရေးကြီးသည်။ တရုတ်၏ လုပ်ဆောင်ချက်ကြောင့် ထိခိုက်သက်ရောက်ခံရသည့် ဗီယက်နမ်နှင့် တခြားသော နိုင်ငံများအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင် ဆန္ဒပြရမည် ဖြစ်ပြီး ယခုကိစ္စကို နိုင်ငံတကာအာရုံစိုက်စေရေး လုပ်ဆောင်ရမည် ဖြစ်ကာ ယင်းကို နှစ်ဦးနှစ်ဖက် လမ်းကြောင်းများ၊ ဘက်ပေါင်းစုံ ဖိုရမ်များမှတဆင့် ထုတ်ဖော်ရလိမ့်မည် ဖြစ်သည်။ အင်ဒို-ပစိဖိတ်၌ အလွန်အရေးပါသည့် သက်ဆိုင်သူတဦး ဖြစ်သလို လွတ်လပ်စွာ ရေကြောင်းသွားလာမှုအပေါ် စွဲမြဲခိုင်မာစွာ ခုခံကာကွယ်သူလည်းဖြစ်သည့် အမေရိကန်အနေဖြင့် နိုင်ငံတကာ ပင်လယ်ရေကြောင်း ဥပဒေကို ထိန်းသိမ်းရေး ကတိပြုချက်ကို အခိုင်အမာ ပြောဆိုရန်နှင့် တရုတ်၏ လွန်ကဲသော ပိုင်နက်အရေးဆိုမှုများအပေါ် ရုပ်ပိုင်းအရ စိန်ခေါ်ရန် လွတ်လပ်စွာ ရေကြောင်းသွားလာမှုဆိုင်ရာ ခုတ်မောင်းမှုများ လုပ်ဆောင်ရန် စဉ်းစားသင့်သည်။

ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် UNCLOS နှင့် ပင်လယ်ရေကြောင်းကိစ္စများကို စီမံသော အခြားသော နိုင်ငံတကာ ဥပဒေမူဘောင်များ၏ ယန္တရားများ အာဏာတည်စေခြင်းကို အားကောင်းစေရေးအတွက် လမ်းကြောင်းများ ဖော်ထုတ်ရှာဖွေရမည် ဖြစ်သည်။ ဥပဒေ ဖောက်ဖျက်မှုများအတွက် တရုတ်ကို တာဝန်ခံခိုင်းစေရန် ပျက်ကွက်ခြင်းက အခြေခိုင်ပြီးသား စံသတ်မှတ်ချက်များအပေါ် တရုတ်၏ အလေးမထားမှုကို ရဲဆေးတင်ပေးရာ ရောက်မည်ဖြစ်သလို စည်းမျဉ်းအခြေပြု စနစ်၏ အများယုံကြည်လက်ခံမှုအပေါ် ထပ်မံတိုက်စားစေမည်ဖြစ်သည်။

တွန်ကင်ပင်လယ်ကွေ့၌ CCP ၏ လုပ်ဆောင်ချက်များက တရုတ်အစိုးရ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းကြောင်း တိုးမြှင့်ပြသလာမှုနှင့် ယင်း၏ ကျဉ်းမြောင်းသော ပြန်လည်ပြင်ဆင်ရေး ရည်မှန်းချက်များနောက် လိုက်ရင်း နိုင်ငံတကာ ဥပဒေနှင့် ဒေသ တည်ငြိမ်မှုကို ထိပါးတိုက်စားစေမည့် စိတ်ဆန္ဒတို့ကို အတိုင်းသား ပြနေသည်။ လွန်ကဲသော အခြေခံမျဉ်း ရေးဆွဲခြင်းနှင့် နိုင်ငံတကာရေပြင်အပေါ် ထိပါးခြင်းအားဖြင့် တရုတ်သည် ဒေသတွင်း နိုင်ငံများ၏ အချုပ်အချာအာဏာနှင့် အခွင့်အရေးများအပေါ် စိန်ခေါ်နေရုံတင်မကဘဲ နိုင်ငံတကာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် လုံခြုံရေးကို ကျောထောက်နောက်ခံပြုသည့် စည်းမျဉ်းတခုဖြစ်သော လွတ်လပ်စွာ ရေကြောင်းသွားလာမှုအပေါ်တွင်လည်း တိုက်ရိုက်ခြိမ်းခြောက်နေသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စည်းမျဉ်းအခြေပြု စနစ်၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှု စည်းမျဉ်းမူများကို ကာကွယ်ခြင်းနှင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာစေခြင်းတို့အတွက် ညီညွတ်စွာ ရပ်တည်ရလိမ့်မည် ဖြစ်သည်။ တရုတ်၏ လွန်ကဲသော ပင်လယ်ရေကြောင်း ပိုင်နက်တောင်းဆိုမှုများကို လိုက်လျောခြင်းက အန္တရာယ်ရှိသော သာဓကတခုကို ချမှတ်ရာရောက်မည်ဖြစ်သလို CCP ၏ ပြန်လည်ပြင်ဆင်ရေး အစီအစဉ်ကို ရဲဆေးတင်ရာ ရောက်မည်ဖြစ်ကာ အင်ဒိုပစိဖိတ်ဒေသကို ထပ်မံ မတည်မငြိမ်ဖြစ်စေရင်း နိုင်ငံတကာ စနစ်၏ အခြေခံအုတ်မြစ်များကို တိုက်စားလိမ့်မည်ဖြစ်သည်။

ယခုအချိန်သည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှု၏ တူညီသော တန်ဖိုးများကို ထိန်းသိမ်းမည့် ခိုင်မာပြီး မူအရဖြစ်သော တုံ့ပြန်မှုတခု လုပ်ရမည့်အချိန် ဖြစ်သည်။