စစ်အာဏာရှင်ဆန့်ကျင်သည့် တောင်ယာလုပ်ငန်းခွင် ရွာပေါင်းစုံသပိတ်

ယနေ့ဆန္ဒပြခဲ့သည့်တောင်ယာခွင်သပိတ်/ဓါတ်ပုံ – ယင်းမာပင်- ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ကော်မတီ

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်းထားသည့် ရွာပေါင်းစုံသပိတ်ကော်မတီသည် တောင်ယာလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြပွဲကို ဒီဇင်ဘာလ၂၆ရက် ယနေ့တွင် ကျင်းပခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “တော်လှန်ရေးရဲ့အဆုံးဖြတ်ဟာ လူထုမှတပါး အခြားမရှိ” ဟူသော စာတန်းကို ကိုင်စွဲ ပြီး ကြွေးကြော်သံများ ဟစ်ကြွေး၍ စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြသည်။

“ကျနော်တို့ပြည်သူတွေက ကိုယ့်နိုင်ငံရဲ့ ကြမ္မာကို ကိုယ်တိုင်ဖန်တီးရမှာဖြစ်ပြီး ဒါကြောင့် အခုလိုတောင်ယာလုပ်ငန်းခွင်မှာ ရရင်ရသလိုသပိတ်မှောက် တော်လှန်ကြတာ ဟစ်ကြွေးပေးကြတာက ကျနော်တို့အောင်ပွဲအတွက် အဓိကလိုအပ်ချက်ဖြစ်တယ်” ဟု ရွာပေါင်းစုံသပိတ်ဦးဆောင်သူတဦးက တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၁,၀၀၆ ရက်မြောက် ချီတက်ခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)