ပြိုင်ဘက်တွေက မန်စီးတီးကို ‘အရင်ထက်ပိုလို့တောင် ကျရှုံးစေချင်တယ်’လို့ ဂွာဒီယိုလာ ပြော

By PKThawn

ကလပ်အသင်းက အလွန်ကောင်းမွန်တဲ့ နှစ်တနှစ်မှာ ငါးလုံးမြောက် ဆုဖလားကို ဆွတ်ခူးပြီးတဲ့နောက်မှာတော့ အခုချိန်မှာ လူတော်တော်များများက မန်ချက်စတာစီးတီးကို “အရင်ကထက် ပိုလို့တောင်” ကျရှုံးစေချင်တယ်လို့ ပတ်ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

ဆော်ဒီအာရေးဗီးယားမှာ စီးတီးဟာ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်ကို ၄-၀ ဂိုးပြတ်ဖြင့် အနိုင်ယူအပြီး ၂၀၂၃ တနှစ်တာအတွင်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ဥရောပစူပါဖလားတို့နဲ့အတူ ကလပ်ကမ္ဘာ့ဖလားကို သူတို့တွေရဲ့ ဆုဖလားစာရင်းထဲ ထည့်သွင်းနိုင်ခဲ့တာပါ။

ဂွာဒီယိုလာဟာ ၂၀၀၉ မှာ ဘာစီလိုနာအသင်းကို ကိုင်တွယ်တုန်းက ကတ်တလန်ကလပ်ဟာ လာလီဂါ၊ ကိုပါဒယ်ရေး(စပိန်ဘုရင်ံဖလား)၊ စပိန်စူပါဖလား၊ ဥရောပစူပါဖလား၊ ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ကိုင်မြှောက်ခဲ့ပေမယ့် အင်္ဂလိပ်ဘောလုံးသမိုင်းမှာ ဘယ်အသင်းမှ ဒီလိုအောင်မြင်တဲ့နှစ်မျိုးကို မရယူနိုင်ခဲ့ပါဘူး။

“ဒါက စီးပွားရေးတခုပါ၊ ခင်ဗျား အောင်မြင်တဲ့အချိန် အသိမှတ်ပြုခံရမယ်။ အတိတ်မှာ ဘာတွေပဲ လုပ်ပြခဲ့ပြီးပါစေ မအောင်မြင်ရင်တော့ ခင်ဗျာဟာ ဘာမှ မဟုတ်ဘူး၊ သုညပါပဲ””လို့ စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

ဆက်လက်ပြီး စပိန်နည်းပြက “ခင်ဗျာ အောင်မြင်အောင်လုပ်လာနိုင်သမျှ သူတို့တွေက ခင်ဗျားကို ကျရှုံးစေချင်တယ်။ အရင်ကထက် ပိုလို့တောင်ပေါ့။ ဘာစီလိုနာမှာ ဖလား ၆ လုံးကို ရယူတုန်းကထက် ဒါကို ခံစားခဲ့တယ်။

“ဒါက ပုံမှန်ပါပဲ။ သူတို့က (ကျနော်တို့ကို အောင်မြင်မှာ) မလိုလားဘူး။ ဒီ ၁၄-၁၅ နှစ်တာအတွင်းမှာ ကျနော်တို့ ဆုဖလားတွေ ဆွတ်ခူးခဲ့တယ်။ ဒါက မယုံနိုင်စရာပါပဲ။

“‘သူတို့ ဘယ်လောက် ကစားပုံကောင်းလိုက်သလဲ၊ ဘယ်လောက်တောင် genius ဖြစ်လိုက်လေသလဲ’လို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ အောင်မြင်လို့ပဲ ဂုဏ်ပြုကြတာပါ။ သူတို့က ဒီထက်ပိုပြီး ကြည့်မနေပါဘူး။”လို့ ပြောပါတယ်။

စီးတီးရဲ့ ဖလူမင်နိစ်နဲ့ နိုင်ပွဲက မန်ချက်စတာအသင်းကို သူတို့ရဲ့ ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကို ရယူပေးပြီး ဆော်ဒီအာရေးဗီးယားမှာ ငါးရက်ကြာရှိစဉ်အတွင်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာက “မယုံနိုင်လောက်စရာ အသင်းတည်ဆောက်မှုနဲ့ အသင်းလိုက် စိတ်ဓာတ်ကို ဖန်တီးခဲ့တယ်”လို့ မန်နေဂျာ ဂွာဒီယိုလာက ပြောဆိုသွားပါတယ်။

Ref; AFP