ခရိုအေးရှားနိုင်ငံသား အိုင်ဗန်ကိုဗစ်ကို တရုတ်အမျိုးသားဘောလုံးအသင်း နည်းပြအဖြစ် ခန့်အပ်

By PK Thawn

ခရိုအေးရှားနိုင်ငံသား ဘရန်ကို အိုင်ဗန်ကိုဗစ်ကို တရုတ်အမျိုးသားဘောလုံးအသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) က စနေနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၆၉ နှစ်အရွယ် အိုင်ဗန်ကိုဗစ်ဟာ ၂၀၂၀ ကတည်းက အိုမန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်နေခဲ့တာပါ။

တရုတ်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဆားဘီးယားနိုင်ငံသား အလက်ဆန်ဒါ ဂျန်ကိုဗစ်ကို နည်းပြအဖြစ်ခန့်ခဲ့ပေမယ့် အာရှဖလားမှာ စိတ်ပျက်စရာဖြစ်ခဲ့ရတာကြောင့် သူ့နေရာကို အိုင်ဗန်ကိုဗစ်နဲ့ အခုလို အစားထိုးခဲ့တာဖြစ်ပါတယ်။

တရုတ်အသင်းဟာ ဒီလအစောပိုင်းမှာ နှစ်ပွဲသရေကျပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့တဲ့ ကာတာအသင်းကို အရေးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

တရုတ်အစိုးရအနေနဲ့ နိုင်ငံ့အသင်းအတွက် ရည်မှန်းချက်ကြီးကြီးမားမားရှိပေမယ့် လက်ရှိမှာ ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်များအရ အဆင့် ၈၈ မှာ ရပ်တည်နေပါတယ်။ ဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက ရပ်တည်နေတဲ့ အလားတူနေရာပဲဖြစ်ပါတယ်။

အိုင်ဗန်ကိုဗစ်ရဲ့ ခန့်အပ်မှုဟာ တရုတ်ဘောလုံးလောကအတွက် စိန်ခေါ်မှုတွေများတဲ့ ကာလတခုဖြစ်ပါတယ်။

နည်းပြဟောင်း လီတိုင်ဟာ ထိပ်တန်းရာထူးရရှိဖို့အတွက် လုပ်ပွဲနဲ့ လာဘ်ပေးလာဘ်ယူမှုတွေမှာ ပါဝင်ပတ်သက်ကြောင်း ဝန်ခံခဲ့တဲ့ ရုပ်သံမှတ်တမ်းတခုကို နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဇန်နဝါရီလမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း ချန်ဇူယွမ်ဟာ ပြီးခဲ့သည့်လက အဂတိလိုက်စားမှုဆိုင်ရာ ခုံရုံးတင်စစ်ဆေးရာမှာ သန်းပေါင်းများစွာ ရယူ လာဘ်စားမှုဖြင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

ဘောလုံးနဲ့ပတ်သက်တဲ့ တရားစွဲဆိုမှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုက သမ္မတ ရှီကျင့်ဖျင်မှ စတင်ကြိုးပမ်းခဲ့တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးရဲ့ အဓိကအစိတ်အပိုင်းတခုဖြစ်ပါတယ်။

(AFP)