မလေးရှား ရေကြီးမှု လူသောင်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းရ

မလေးရှားနိုင်ငံမှာ ရေကြီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။ ပုံ- Mohd Rasfan/AFP/Getty Images

CNA

မလေးရှားတွင် ဂျိုဟာနှင့် ဆာဘာ အပါအဝင် ပြည်နယ်ခြောက်ခုတွင် ရေကြီးမှုဒဏ်ကြုံရပြီး ဒီဇင်ဘာ ၂၇ ရက်အထိ ရေကြီးမှုကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရသူဦးရေသည် ၂၈,၃၁၀ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

ကီလန်တန်ပြည်နယ်တွင် ရေဘေးကြောင့် နေအိမ်များမှ စွန့်ခွာပြီး ဘေးလွတ်ရာရွှေ့ပြောင်းရသူဦးရေ ၁၇,၄၆၆ ဦးဖြင့် အများဆုံး ရှိနေပြီး ၎င်းတို့ကို ယာယီကယ်ဆယ်ရေးစင်တာ ၈၉ ခုတွင် နေရာပေးထားရကြောင်း နိုင်ငံဆိုင်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (Nadma) အရ သိရသည်။

ယင်းသည် အစောပိုင်းတရက်က ယာယီကယ်ဆယ်ရေးစင်တာ ၉၂ ခုရှိ ဘေးလွတ်ရာရွှေ့ပြောင်းရသူဦးရေ ၁၅,၁၄၅ ဦးနှင့် ယှဉ်ပါက မြင့်တက်လာခြင်းလည်း ဖြစ်သည်။

တီရန်ဂါနူပြည်နယ်တွင် ရေကြီးမှုကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရသူဦးရေသည် အင်္ဂါနေ့ ညနေပိုင်းက စင်တာ ၁၂၅ ခု၌ ၁၀,၁၉၉ ဦး ရှိခဲ့ပြီး ယင်းနောက် စင်တာ ၁၁၃ ခုတွင် ၁၀,၁၀၃ ဦးသို့ လျော့ကျသွားသည်။

ပါဟန်း၊ ဆီလန်ဂေါ၊ ဆာဘာနှင့် ဂျိုဟာ ပြည်နယ်တို့တွင်လည်း ရေကြီးမှုများကြောင့် နေအိမ်များမှ စွန့်ခွာပြီး ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းကြရသူများ ရှိနေသည်။

ယင်းနိုင်ငံတွင် တီရန်ဂါနူ၊ ပါဟန်းနှင့် ဂျိုဟာ ပြည်နယ် အနှံ့အပြားတွင် မိုးဆက်လက်ရွာသွန်းမှုများ ဖြစ်ပေါ်ဖွယ် ရှိနေသည်။