စစ်ကောင်စီ​၏ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၍ ကလေး ဒဏ်ရာရ၊ ဒေသခံ ထောင်ချီ တိမ်းရှောင်

ပုံအညွှန်း- တိမ်းရှောင်နေရသည့် ဒေသခံများ (ဓါတ်ပုံ- KNU)

YT

မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း​က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံး၍ ကလေးငယ်တဦး ဒဏ်ရာရကာ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က သတင်းထုတ်ပြန်သည်။

သေဆုံးသူမှာ သထုံမြို့နယ် ကျုံမှိန်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သူ နော်ဖောတမဲဖြစ်ပြီး ဒဏ်ရာရသူမှာ သေဆုံးသူနှင့် တအိမ်တည်းနေထိုင်သည့် အသက် နှစ်နှစ်အရွယ်ရှိ ကလေးတဦး ဖြစ်သည်။

” ကျုံမှိန်က ဒေသခံတွေက အခု ဆူးအင်းဘက်တွေမှာ လိုက်ရှောင်နေရတယ်၊ အိမ်မပြန်ရဲကြသေးဘူး။ ဆုံးသွားတဲ့ ညီမလေးနဲ့ ကလေးလေးက တအိမ်တည်းနေတဲ့ မိသားစုတွေပဲ။ ကိုယ်ဝန်ခြောက်လနဲ့ ဆုံးသွားတာ” ဟု ဆူးအင်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။

သထုံမြို့နယ် အင်းရှည်ရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ (၄၀၂)၊ တိုင်တရာဒေသအခြေစိုက် အမတ (၅၀၂)နှင့် ကြာပန်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀၆) တို့မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း KNU ​၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အဆိုပါ တပ်များမှ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင်း လက်နက်ကြီးများပစ်ခတ်မှုကြောင့် ကျုံမှိန်ကျေးရွာမှ ဒေသခံ ကိုယ်ဝန်ဆောင်အမျိုး သမီး တဦးသေဆုံး၍ ကလေးငယ် တဦးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးပစ်ခတ်မှုများအတွင်း ဒေသခံနေအိမ်တလုံးနှင့် ကျုံမိန်ရွာရှိ ဘုန်းကြီးကျောင်း အဆောက်အဦ ထိမှန်ပျက်စီးမှုရှိပြီး ကျုံမိန်ရွာမှ ဒေသခံပြည်သူ ၁,၂၀၅ ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူပင် KNU တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာရှိ ဝင်းတာပန်စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါကျေးရွာနေ ဒေသခံ ၁,၄၆၈ ဦးသည်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း KNU က ထုတ်ပြန်သည်။

” စခန်းတော့ အခုထိ အတိအလင်း သိမ်းနိုင်ထားတာမျိုးတော့ မဟုတ်ဘူးဗျ။ ဒီဘက်ကလည်းချ ဟိုဘက်ကလည်း ပြန်ချ၊ အဲ့ဒီလိုပဲ ပြီးတော့ ဝင်းတာပန်က အခိုင်အမာရှိနေတဲ့ စခန်းကြီးပါ” ဟု ဝင်းတာပန် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၂) ပူးပေါင်းတပ်ဖွဲ့များအကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်က ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ရာ ဒေသခံများ တိမ်းရှောင်ရခြင်း ဖြစ်သည်။

ထို့ပြင် စစ်ကောင်စီ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဝင်းတာပန်ရွာကြီးမှ ဒေသခံနေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကြက်၊ ဝက် သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

1m