လောက်ကိုင်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရင်း ၂ ခုသာကျန်

ရွှေနွယ်၊ ဂျူချန်း

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်တွင် စစ်ကောင်စီတပ်နှင့် MNDAAတို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး လက်ရှိတွင် စစ်ကောင်စီအခြေချ တပ်စွဲထားသည့် လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် နှင့် ခလရ(၃၂၂) တပ်ရင်း နှစ်ခုသာ ကျန်ရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဗမာတန်းကိုတော့ MNDAA တပ်က အကုန်ရသွားပြီ။ မနေ့တုန်းက (၃၂၂) စစ်တပ်နဲ့ ဒကစကို တိုက်နေတယ်လို့ ကြားတယ်။​ မရတော့ မရသေးဘူး။ ပြည်သူ့စစ်ဖွဲ့ထားတဲ့ ခေါင်းဆောင်နေရာတွေအကုန်လုံးကိုတော့ သိမ်းပြီးပြီ။ (၃၂၂) နဲ့ ဒေသကွပ်ကဲရေးဌာနချုပ်ပဲ ကျန်တော့တယ်” ဟု ဒေသခံတဦးက ပြောသည်။

လောက်ကိုင်မြို့တွင် ရပ်ကွက်(၂) တွင်ရှိသည့် မြို့မရဲစခန်းကို ကိုးကန့်တပ်မှ သိမ်းပိုက်နိုင်ပြီဟူသော ရုပ်သံတခု စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင် ဖြန့်ဝေထားပြီး ယင်းရဲစခန်းသည် မြို့မရဲစခန်းဖြစ်ကြောင်း ဒေသခံမှ အတည်ပြုသည်။

“တုံချိန်က တုံချိန်ရဲစခန်း၊ ၁၂၅ ဘက်က ရွှေစင်ရဲစခန်း နှစ်ခုစလုံး ကျလောက်ပြီ။ အခု ဗီဒီယိုက ရပ်ကွက်(၂) မြို့မရဲစခန်းပဲ။ လောက်ကိုင်ရဲစခန်းက ရပ်ကွက်(၂) ထဲမှာ (၃၂၂) ခြေလျင်တပ်နဲ့ ဆိုင်ကယ်စီးရင် သုံးမိနစ်လောက်ပဲ ဝေးတယ်ခင်ဗျာ့” ဟု ဒေသခံတဦးက ပြောသည်။

ဒီဇင်ဘာလဆန်းပိုင်းတွင် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား တွေ့ဆုံဆွေးနွေးပြီးနောက် လောက်ကိုင်တွင် တိုက်ပွဲများ ငြိမ်သက်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက် ညပိုင်းမှ စတင်ကာ လောက်ကိုင်မြို့တွင် ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်း၌ လောက်ကိုင်မြို့လယ် တုံချိန် ဖူလီလိုက်တွင်ရှိသည့် ဈေးဆိုင်တန်းများတွင် ကိုးကန့်တပ် MNDAA မှ စစ်သားများသည် ဈေးရောင်းသူများအား စာရွက်များဝေကာ ထိုစာရွက်တွင် အခြေအနေပိုဆိုးလာနိုင်သဖြင့် လုံခြုံရေး မယူပေးနိုင်တော့ဟု ပြောကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက်တုံချိန် ဖူလီလိုက်မှာ ဈေးတန်းတွေရှိတယ်လေ။ အဲ့ဒီမှာ ဈေးရောင်းနေတဲ့လူတွေကို ကိုးကန့်တပ်က စာရွက်တွေ လိုက်ဝေတယ်။ သူတို့ပြောတယ် ဒီညနေ တရုတ်နာရီ ၅နာရီမှာ ဆွေးနွေးပွဲပြန်လုပ်မယ်။ အဲ့ဆွေးနွေးပွဲ မအောင်မြင်ရင်တော့ အခြေအနေအရမ်းဆိုးမယ်။ လုံခြုံရေး မကြည့်ပေးနိုင်ဘူး။ ခုဈေးရောင်းနေတဲ့လူတွေ ဈေးမရောင်းနဲ့တော့ အခြေအနေပိုဆိုးမယ်လို့ ပြောတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဒီဇင်ဘာ ၂၂ ရက်နေ ၂၄ နေ့အထိ ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် သုံးဖွဲ့အကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် တစုံတရာမရရှိဘဲ ဆွေးနွေးပွဲပျက်သွားခဲ့ကြောင်းသိရသည်။ တတိယအကြိမ် ဆွေးနွေးပွဲကိုမူ လာမည့် ဇန်နဝါရီလအတွင်း ကျင်းပရန် စီစဉ်ထားကြောင်းလည်း သိရသည်။

လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အောက်တွင် အမှတ်(၁၂၅) (ကုန်းကြမ်း)၊ အမှတ်(၁၂၇)၊ အမှတ်(၁၂၈) ပါစင်ကျော် နှင့် အမှတ်(၃၁၂) ကွမ်းလုံ တို့ကို ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ထားပြီး အမှတ်(၁၂၉) ဉာဏ်ကွမ်း-ချင်းရွှေဟော် တပ်သည် တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်ခဲ့သည်။

ဒကစ လက်အောက်ရှိ ခလရ(၂၃၉) တပ်ရင်းကိုမူ ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်နိုင်ခြင်း ရှိမရှိကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် လောက်ကိုင် ဒကစ နှင့် ၎င်းလက်အောက်ရှိ အမှတ်(၃၂၂) ခြေလျင်တပ်ရင်း နှစ်ခုကိုသာ သိမ်းရန်ကျန်ရှိတော့ကြောင်း ဒေသခံများက ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)