မြောက်ဦးမြို့ရှိ မြောင်းဘွေရဲစခန်းကို AA သိမ်းပိုက်

ဓါတု၊ မိုးသောက်

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်(AA) က ယမန်နေ့ဒီဇင်ဘာလ ၃၀ ရက်တွင် သိမ်းပိုက်ရရှိကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ရဲတပ်သားများအပြင် စစ်ကောင်စီတပ်သားများဖြင့် အင်အားဖြည့်တင်းထားသည့် ထိုရဲစခန်းကို ယမန်နေ့ နံနက် ၂ နာရီတွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက်ပိုင်းတွင်ပင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မြောင်းဘွေရဲစခန်းကို ဖြစ်စဉ် အသေးစိတ်နှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခံကို မဇ္ဈိမက ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အချိန်အတွင်း အဆိုပါရဲစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်ညိုကျွန်းရွာအနီးလယ်ကွင်းပြင်၌ စပါးရိတ်သိမ်းနေသော အသက်မပြည့်သေးသည့် ၁၃ နှစ်အရွယ် မွတ်ဆလင်ယောကျ်ားလေး တဦးအပါအဝင် မွတ်ဆလင်ကျေးရွာသား သုံးဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့သည်။

ထို့ပြင်ထိုးစစ်ဆင်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ မြောက်ဦး ခမရ ၅၄၀နှင့် ခမရ ၃၇၇တပ်ရင်းများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှု နှင့် လေကြောင်း ပစ်ခတ်မှုတို့ကြောင့် မြောင်းဘွေနှင့်ကပ်လျက်ရှိသည့် ကိုင်းတော၊ဘူးတစ်လုံးနှင့်ပေါင်းတုတ်ကျေးရွာတို့က အပြစ်မဲ့အရပ်သားမွတ်ဆလင်ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် မွတ်ဆလင်ကလေးငယ်များအပါအဝင် ၁၂ ဦးမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်းသိရသည်။

အဆိုပါမြောက်ဦးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့ ကမြောက်ဦးမြို့ ခရိုင်ရဲစခန်းအား AA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့၍ ယခုမြောင်းဘွေရဲစခန်းသည်ယင်းမြို့တွင်ဒုတိယမြောက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏အကျိုးစီးပွားနှင့် အာဏာတည်မြဲစေရန် အသက်ပေးတိုက်ခိုက်နေရသည့် အခြေအနေမျိုးမှ စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ထဲသို့ အမြန်ဆုံးခိုလှုံကြရန် မဟာမိတ်ညီနောင် သုံးဖွဲ့က စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအား တိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး