မကွေးတိုင်း၊ကပစ(၂၁) ကို PDFတပ်ရင်းများတိုက်ခိုက်

ကပစ(၂၁) တည်‌နေရာပြပုံ / Photo - NUG/MOD

ကပစ(၂၁) တည်‌နေရာပြပုံ / Photo – NUG/MOD

002

မဇ္ဈိမ။ ။မကွေးတိုင်းရှိစစ်ကောင်စီ၏ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ယမန်နေ့(ဧပြီလ ၁၆ရက်)နံနက်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကို စုံစမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန(MOD)က ကနဦး သတင်းထုတ်ပြန်သည်။

ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)မှ ဆုံးဖြတ်သတ်မှတ်ပေးထားသော စစ်မဟာဗျုဟာပစ်မှတ်များအနက်တခုဖြစ်သည့် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၏ စစ်ဆင်ရေး ပစ်မှတ်နေရာ ၂၀ကို ဧပြီ ၁၆ ရက် နံနက် ၉ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ဆင်ရေးရည်မှန်းချက်များ အောင်မြင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများကို အသေးစိတ်စုံစမ်းနေသည်ဟု MOD ၏ ယနေ့(ဧပြီလ ၁၇ရက်) နံနက် ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

PDF အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံးကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်းလက်ရုံးတပ်၊ တိုင်းရုံးတိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင်အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့က တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံသည် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအနီး၌ တည်ရှိသည်။ ယမန်နှစ်(၂၀၂၃ခုနှစ်) ဧပြီ ၁၆ ရက်ကလည်း ယင်းနေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုန်းများဖြင့်တိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။

စာတည်း – အေးချမ်း