ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂ လအတွင်း အရပ်သား ၁၂၀ ကျော်သေဆုံး

ပုံအညွှန်း- ရှမ်းပြည်နယ်​မြောက်ပိုင်း နမ့်ခမ်းမြို့ တ​နေရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်​နေ့က လေ​ကြောင်းဖြင့် ဗုံးကြဲခံရမှုအား ​တွေ့ရစဥ် (ဓာတ်ပုံ- TWO)

001

မဇ္စျိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကာလ အောက်တိုဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ နှစ်လအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သား ၁၂၃ ဦးသေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း( TWO )က ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း၊ မုံးကိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင်၊ သိန္နီ၊ သီပေါ၊ နမ္မတူ၊ တန့်ယန်း၊ လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲနှင့် နောင်ချိုစသည့် ၁၆ မြို့နယ်အား မှတ်တမ်းတင်ပြုစု ထားခြင်းဖြစ်ကြောင်း သိရသည်။

အရပ်သားသေဆုံးမှုများမှာ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေမြှုပ်မိုင်းစသည့် တိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး က​လေးသူငယ် ၄၇ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်လည်း ၂၄၀ နီးပါးရှိကြောင်း TWO က ဖော်ပြထားသည်။

“စကစဘက်ကနေ သူတို့ရဲ့ အခြေစိုက်စခန်းတပ်ကနေ လူထုရှိရာဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဦးတည်ပြီး ရမ်းသန်းပစ်တယ်။ မြို့ထဲလည်း ရမ်းပစ်တယ်။ သူတို့ရဲ့ မြို့ပြင်က အခြေစိုက်စခန်း ဥပမာ နမ့်ခမ်းဖြစ်စဉ်မှာဆိုရင် သူတို့ရဲ့ စခန်းပစ်ကုန်းကနေ မြို့တွင်းကို ပစ်ချလိုက်တာ။ ဒါလူထုကို ထိခိုက်နစ်နာမယ် သေဆုံးမယ်ဆိုတာသိရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေကလည်း တချို့ နေရာမှာဆိုရင် တိုက်ပွဲမဖြစ်ဘဲ ရွာထဲမှာ တမင်သက်သက် ပစ်ချလိုက်တဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးထိခိုက်မှုတွေ အများဆုံးတွေ့ရတယ်”ဟု TWO ၏ ပြောရေးဆိုခွင့်ရှိသူတဦးကပြောသည်။

လက်ရှိတွင် အဆိုပါ တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ထပ်မံသေဆုံးမှု မဖြစ်စေရေးအတွက် ဆေးကုသစရိတ် အထောက်အပံ့များလည်း လိုအပ်လျက်ရှိကြောင်း TWO က ဆိုသည်။

ထိုနှစ်လတာကာလအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ခန်းမနှင့် လမ်းတံတားများ ၄၆၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း TWO ၏ စာရင်းအရ သိရသည်။

ထို့ပြင် ယခုအချက်အလက်များမှာ လက်လှမ်းမီသ၍ ကောက်ယူထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်းလည်း အသိပေးထားသည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ပြည်သူ ဦးရေ၁၂၀,၀၀၀ နီးပါးသည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီးဦးရေ ၂၀,၀၀၀ ခန့်မှာ နေရပ်သို့ပြန်လာခဲ့ကြသော်လည်း ကျန် ဦးရေ ၉၉,၀၀၀ခန့်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိခိုလှုံရာနေရာများတွင်လည်းကောင်း၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်းကောင်း နေရပ်စွန့်ခွာရလျက်ရှိကြောင်း UN OCHA Myanmar၏ ပြီးခဲ့သည့် ဒီဇင်ဘာလလယ် ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး