၂၀၂၂ စစ်တမ်းအရ တရုတ် တွင် လူဦးရေတိုးနှုန်း ဆက်တိုက်ကျဆင်း

South China Morning Post

တရုတ်တွင် လက်ထပ်နှုန်းနှင့် ကလေးမွေးဖွားနှုန်းသည် ယမန်နှစ် တွင် ကျဆင်းလာခဲ့ပြီး ဒုတိယ သားသမီး မွေးဖွားလိုနှုန်းလည်း သိသိသာသာ ကျဆင်းသွားကြောင်း ၂၀၂၂ လူဦးရေနှင့် အလုပ်အကိုင် စာရင်းအင်းနှစ်ချုပ်စစ်တမ်း အရ သိရသည်။

အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားရှိ တရုတ် လူငယ် ၅၁ % ကျော်သည် ၂၀၂၂ တွင် တစ်ကိုယ်တည်း နေထိုင်ကြပြီး ၂၀၂၁ ထက် ၄၈ ဒသမ ၇ % အထိ မြင့်တက်လာခဲ့ကြောင်း ၂၀၂၃ လူဦးရေနှင့် အလုပ်အကိုင်စာရင်းအင်း နှစ်ချုပ်စစ်တမ်းအရ သိရသည်။

အသက် ၃၀ အရွယ် လက်မထပ်ရသေးသည့် လူဦးရေနှုန်းလည်း တဖြည်းဖြည်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ၂၀၂၂ နိုဝင်ဘာတွင် ပြုလုပ်သော နမူနာစစ်တမ်းတစ်ခု တွင် ဖော်ပြထားသည်။ ထို့ပြင် အသက် ၁၅ နှင့် ၄၉ နှစ်ကြား ကလေးမွေးဖွားနိုင်သည့် အမျိုးသမီး ၁၀၀၀ တွင် နှစ်စဉ်မွေးဖွားနှုန်း သည် ၂၀၂၁ တွင် ၃၁ ဒသမ ၂၇ ရှိရာမှ ၂၀၂၂ တွင် ၃၀ ဒသမ ၂၂ သို့ ကျဆင်းသွားကြောင်း စစ်တမ်းတွင် ဖော်ပြသည်။

တရုတ်၏ ကလေးမွေးဖွားနှုန်း ကျဆင်းရခြင်းမှာ ဒုတိယမြောက် မွေးဖွားလာမည့် ကလေး အရေအတွက် ကျဆင်းရခြင်းကြောင့် ဖြစ်ပြီး အမျိုးသမီး ၁၀၀၀ လျှင် ၁၃ ဒသမ ၄၈ မှ ၉ ဒသမ ၅၈ သို့ ကြီးကြီးမားမား ကျဆင်းသွားကြောင်း နှစ်ချုပ်စစ်တမ်းတွင် ဖော်ပြထားသည်။

တရုတ်သည် ၂၀၁၆ ဇန်နဝါရီ တွင် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ကို တရားဝင် အဆုံးသတ်ခဲ့ပြီး ၂၀၂၁ မေတွင် ကလေး ၃ ဦးထိမွေးဖွားရန် မူဝါဒ ချမှတ်ပြီးနောက် အာဏာပိုင်များသည် စုံတွဲများကို ပိုမိုကြီးမားသော မိသားစုများ ပိုင်ဆိုင်စေရန် တွန်းအားပေးမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ အိမ်ထောင်ပြုရန်နှင့် ကလေးယူရန် တုံ့ဆိုင်း ရသည့် အကြောင်းရင်းများတွင် မိသားစုတစ်ခု စတင်ရန် ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ မတူကွဲပြားခြင်းနှင့် သီးသန့် နေထိုင်လိုခြင်းတို့ကြောင့် ဖြစ်သည်။

တရုတ်သည် လူဦးရေ လျော့နည်းမှု အပြင် အသက်အရွယ်ကြီးရင့်သော လူဦးရေ ပိုမိုများလာခြင်းကြောင့် လူဦးရေဆိုင်ရာ ဖိအားများကို ရင်ဆိုင်နေရပြီး ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်လျက်ရှိသည်။

တရုတ်တွင် မွေးကင်းစကလေးငယ် အရေအတွက်သည် ၂၀၁၇ ကတည်းက ကျဆင်းခဲ့ပြီး စုစုပေါင်း လူဦးရေသည် ၂၀၂၂ တွင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့သည်။ ၂၀၂၃ တွင် မွေးကင်းစ ကလေးအရေအတွက်သည် ၉ သန်းအောက် ကျဆင်းသွားနိုင်ကြောင်း လွတ်လပ်သော လူဦးရေပညာရှင် ဟေးယဖု က ဒေသန္တရ အစိုးရအချို့ထုတ်ပြန်ထားသော အချက်အလက်များကို အခြေခံ၍ ခန့်မှန်းထားသည်။ ၂၀၂၃ အတွက် တရားဝင် အချက်အလက်များကို ဇန်နဝါရီ တွင် ထုတ်ပြန်ရန် မျှော်လင့်ထားသည်။

“ကလေးမွေးဖွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသမီးများနည်းပါးလာခြင်း၊ လက်ထပ်မှု နည်းပါးခြင်းနှင့် ကလေးမွေးဖွားရန် လှုံ့ဆော်မှုအားနည်းခြင်းတို့ ကြောင့် ၂၀၂၃ တွင် ၇ နှစ်ဆက်တိုက် မွေးကင်းစ ကလေးအရေအတွက် ကျဆင်းလာမည်မှာ သံသယဖြစ်ဖွယ်မရှိ” ကြောင်း ၎င်း က ဒီဇင်ဘာ ၂၆ တွင် ဖော်ပြခဲ့သည်။

ယခုနှစ်တွင် ပထမ ၃ လပတ်အတွင်း ကြင်စဦးဇနီးမောင်နှံ အရေအတွက် လျင်မြန်စွာ တိုးလာနိုင်၍ ၉ နှစ်ဆက်တိုက် ကျဆင်းလာခဲ့သော လက်ထပ်မှုနှုန်းမှာ ရပ်တန့်သွားနိုင်ပြီး စုစုပေါင်း  ၇ သန်းကျော် အထိ ရှိလာနိုင်သည်။

အမျိုးသမီး ၁ ဦးသည် သက်တမ်းတစ်လျှောက် စုစုပေါင်းကလေးမွေးဖွားနှုန်း (ပျမ်းမျှကလေးစုစုပေါင်း) သည် ယခင်နှစ် ၁ ဒသမ ၀၅ နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ တွင် ၁ ဦးအောက် ကျဆင်းသွားနိုင်ကြောင်း ၎င်း က သတိပေးထားသည်။ လူဦးရေတိုးနှုန်း တည်ငြိမ်စေရန် အမျိုးသမီးတစ်ဦးလျှင် ယေဘူယျအားဖြင့် ကလေး ၂ ဒသမ ၁ ဦး နှုန်း ဖြစ်သော စုစုပေါင်းမွေးဖွားနှုန်း သို့မဟုတ် အစားထိုးနှုန်း ရှိရမည် ဟု ၎င်း က ဆိုသည်။

ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးလာနေသော်လည်း ပိုမိုလေးနက်သော ထောက်ပံ့မှုများ ရှိရန် လိုအပ်ကြောင်း တရုတ်လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာမှ ဒါရိုက်တာ ဟေးဒန် က ပြောကြားသည်။

တရုတ်ရှိ ကလေးထိန်းဝန်ဆောင်မှုများသည် ကလေးစုစုပေါင်း၏ ၇ % ကိုသာ ပံ့ပိုးပေးနိုင်ပြီး အခြားသူများမှာ အိမ်တွင်သာ ပြုစုစောင့်ရှောက်ပေးနေရကြောင်း Population and Health ဂျာနယ်၏ ဒီဇင်ဘာလ ဆောင်းပါးတွင် ဖော်ပြထားသည်။

“အစိုးရညွှန်ကြားချက်နှင့် ဆက်စပ်ဥပဒေတွေကြား မကိုက်ညီတာတွေလည်း ရှိတယ်”။ “ကလေးမိခင်တွေကို ပြစ်ဒဏ်ပေးခြင်းအပါအဝင် လုပ်ငန်းခွင်မှာ လိင်ခွဲခြားဆက်ဆံမှု ဖြစ်စဉ်တွေက ပိုမို ဆိုးရွားလာနေတယ်” ဟု ၎င်းက ဆိုသည်။