ခံဝန်လက်မှတ်ထိုးထားသည့် ငပုတော NLD လွှတ်တော်ကိုယ်စားလှယ် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံရ

ဦးသက်ပိုင်စိုး စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးစဥ်

မင်းထက်

မဇ္စျိမ။ ။စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးကာ အလင်းဝင်ထားသည့် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံခဲ့ရကြောင်း ငပုတောမြို့နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရသည်။

ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ငရုတ်ကောင်းနှင့် ဟိုင်းကြီးရဲစခန်း တို့က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

“အမှုက စုစုပေါင်းသုံးမှုပါ။ ၅၀၅(က)နဲ့ ၅၀(ည) နှစ်မှုပဲ လောလောဆယ်သိရတယ်။ အမှုကို ပုသိမ်ကကိုင် တာဆိုတော့ နောက်ထပ်အကြမ်းဖက်ပုဒ်မတခုကိုတော့ မသိရသေးဘူး။ အချက်အလက်နဲ့ လျှို့ဝှက်တိုင် တဲ့လူရှိလို့ ခံဝန်ထိုးထားပြီးသားကို ပြန်ဖမ်းပြီး တရားစွဲတာလို့ ကြားတယ်။ အမိန့်ချတာလည်း ပုသိမ်ခရိုင် တရားရုံးကပဲ ချတာပါ” ဟု ၎င်းကဆိုသည်။

ဦးသက်ပိုင်စိုးသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များစတင်ဖွဲ့စည်းစဥ်က ငပုတောမြို့နယ်တာဝန်ခံ အဖြစ် တာဝန်ယူခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက လိုက်လံဖမ်းဆီးခဲ့သည့်အတွက် ရှောင်တိမ်းနေခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းရွာ၌ နေထိုင်သည့် ဦးသက်ပိုင်စိုး၏ဇနီးနှင့် ၁၀ လအရွယ်သမီးငယ်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ကိုးရက်ခန့်အကြာတွင် ဦးသက်ပိုင်စိုး၏ ဇနီးနှင့် သမီးတို့ ပြန်လည်လွတ် မြောက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဦးသက်ပိုင်စိုးက စစ်ကောင်စီထံ ခံဝန်လက်မှတ် ထိုးခဲ့သည်။ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့တွင် PDF သင်တန်းဆင်းများ အလင်းဝင်ပွဲခေါင်းစဥ်ဖြင့် စစ်ကောင်စီကပြုလုပ် သည့် အခမ်းအနားတခု၌ ခံဝန်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

ခံဝန်လက်မှတ်ထိုးကာ အလင်းဝင်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင် လ ၁၇ ရက်နေ့တွင် ငပုတောမြို့နယ်ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက လက်မှတ်ထိုးရန်ကျန်ရှိသည်ဟုဆိုကာ ဦးသက်ပိုင်စိုးအားလိမ်ညာခေါ်ယူပြီးနောက် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင်ထောင်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူကပြောသည်။

လက်ရှိတွင် ဦးသက်ပိုင်းစိုးအား မည်သည့်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်သည်ကို မသိရသေးကြောင်း ၎င်းတို့အနေဖြင့်စုံစမ်းနေဆဲဖြစ်ကြောင်း ငပုတောမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြော သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် ဧရာဝတီတိုင်းမှ NLD လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦးခန့်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

စာတည်း။ ။စောဖေ