ရှမ်းမြောက်က မိုင်းငေါ့မြို့ကို သိမ်းပိုက်ထားနိုင်ပြီဟု TNLA အတည်ပြု

TNLA တပ်ဖွဲ့ဝင် အချို့နှင့် နေအိမ်များ မီးလောင်နေသော မိုင်းငေါ့မြို့ကို တွေ့ရစဉ်

ရွှေနွယ်

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို သိမ်းပိုက်ထားနိုင်ပြီဟု တအာင်းတပ်မတော် (PSLF/TNLA) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောသည်။

မိုင်းငေါ့မြို့မှာ ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်ပြီးနောက် ညပိုင်းတွင် မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ကြောင်း TNLA က ပြောသည်။

“မနေ့ည ညသန်းခေါင်လောက်မှာ မိုင်းငေါ့ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်၊ မိုင်းငေါ့မှာတော့ မြို့ထဲမှာတော့ စစ်ကောင်စီက တပ်စခန်းတခုပဲရှိတယ်၊ မြို့ကတော့ တခုလုံးက ကျွန်တော်တို့ ထိုင်ထားပြီးသားဖြစ်တယ်၊ စကစကတော့ အကုန်လုံးဆုတ်သွားပြီပေါ့” ဟု TNLA ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

မိုင်းငေါ့မြို့သည် ကျောက်မဲမြို့နယ်တွင် တည်ရှိသော မြို့နယ်ခွဲဆင့် မြို့သုံးခုအနက် တခုအပါအဝင် ဖြစ်ပြီး ကျောက်မဲမြို့၏ အရှေ့မြောက်ဘက် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။

ကျောက်မဲမြို့နယ်တွင် ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ မြို့နယ်ခွဲ သုံးခုရှိသည်။ ယင်းအနက် မိုင်းလုံမြို့ကို TNLA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားပြီး မိုင်းငေါ့မြို့သည် ဒုတိယမြောက် သိမ်းပိုက်ခံ လိုက်ရသောမြို့ ဖြစ်သည်။

လက်ရှိမှာ ကျောက်မဲမြို့တွင်လည်း စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများလည်း ဆက်ရှိနေကြောင်း TNLA ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

စစ်ကောင်စီတပ်သည် မိုင်းငေါ့မြို့ ချုံးသစ်ကျေးရွာ၊ ချုံးဟောင်းကျေးရွာအနီးတဝိုက်သို့ Y12 ဖြင့် ၁၇ ကြိမ်၊ ဗုံးသီး ၇၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း TNLA က ဒီဇင်ဘာလ ၃၁ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ထို့ပြင် မိုင်းငေါ့မြို့အတွင်းသို့ တိုက်ခိုက်ရေးဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြို့ မန်တုံရပ်ကွက်နှင့် စျေးရပ်ကွက်ရှိ လူနေအိမ် သုံးလုံး ကျည်ထိမှန် မီးလောင်ခဲ့သည်။

ထို့ပြင် ယနေ့ ဇန်နဝါရီ ၁ ရက်နေ့နံနက်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေကြောင်း မိုင်းငေါ့မြို့ ဒေသခံများက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့လှုပ်ရှားနယ်မြေအတွင်းက စစ်ကောင်စီတပ်၏ တပ်စခန်း ၇၀ ကျော်ကို သိမ်းပိုက်ထားသည်။

ထို့ပြင် သိမ်းပိုက်ထားသော မြို့အားဖြင့် မိုင်းငေါ့မြို့ အပါအဝင် နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ နမ္မတူမြို့၊ မန်တုံမြို့နှင့် မိုင်းလုံမြို့ စသည့် မြို့ခြောက်မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

စာတည်း။ ။ နောင်နောင်