ရေးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၂ခု တပြိုင်နက် တိုက်ခိုက်ခံရ

ဓါတ်ပုံ-ဒေါနစစ်ကြောင်း၊MSRF

ဂျူချန်း

မဇ္ဈိမ ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စကခ(၁၉) လက်အောက်ခံ တပ်များဖြစ်သည့် ကျောင်းရွာရှိ ခမရ(၅၉၁) နှင့် ခမရ(၅၈၃) တပ်နှစ်ခုကို မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်များက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နှစ်သစ်အကြို စစ်ဆင်ရေးအဖြစ် တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်က ထုတ်ပြန်သည်။

“ဒရုန်းနဲ့တပ်ရင်းနှစ်ခုစလုံးကို တပြိုင်နက်တိုက်တာပါ။ ဒရုန်းက ပင်မတပ်ရင်းရုံးကို ဗုံးသီးချတာ။ ကင်းစခန်းရော ကျောဘက်ကဝင်ပြီး သူတို့ပြန်ပစ်တဲ့ ဘန်ကာကိုပါ ပစ်ခဲ့တာပါ။ သူတို့လည်းပြန်ပစ်ပါတယ် စက်လတ်လား စက်ကြီးနဲ့လားမသိဘူး ဒရုန်းတွေကိုလည်း လှမ်းပစ်ပါတယ်။ ခိုင်လုံတဲ့ သတင်းအရ စကစ ဘက်က သုံးယောက်သေတယ်” ဟု နိုင်နဂါး ကမဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီခန့်တွင် ပူးပေါင်းတပ်မှ ဒရုန်း၊ RPG၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ ကင်းပုန်းနေရာများကို လက်နက်ငယ်ဖြင့် တနာရီခန့်အကြာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် – MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သုံးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ မသိရကြောင်းနှင့် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒရုန်းနှစ်စင်း ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ရေးပြောက်ကျားတပ် YGF က ယနေ့ ဇန်နဝါရီလ ၁ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံးဦး သေဆုံးသည်ဟု တော်လှန်ရေးပူးပေါင်းတပ်က ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ခမရ (၅၉၁)နှင့် ခမရ (၅၈၃) တို့က လက်နက်ကြီးဖြင့် ကျောင်းရွာ၊ အိုင်ရှည် နှင့် ကမ်းနီရွာအနီးသို့ ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ကျောင်းရွာအတွင်းရှိ နေအိမ် ငါးလုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် – YGF၊ ABSDF တပ်ရင်း (၁) နှင့် မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း – MSRO ၊ Ye Air Force – YAF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် “ရေးမြို့နယ် တောင်ပိုင်း မဟာမိတ်တပ်ပေါင်းစု” အဖြစ် ‌သစ္စာရေသောက်ကာ ပြည်သူအားကိုးရမည့် ပြည်သူ့တပ်သားများဖြစ်ကြောင်းနှင့် ဘုံရန်သူကို အဆုံးထိချေမှုန်းမည်ဖြစ်ကြောင်း အဓိဌာန်ပြုခဲ့ကြသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း ယင်းအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန MOD ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်တို့ တွေ့ဆုံခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ