လုပ်ငန်းထိခိုက်စေသော ဗီဒီယိုဂိမ်းစည်းမျဉ်းများထုတ်ပြန်မှုဖြင့် တရုတ်အရာရှိ ရာထူးမှ ထုတ်ပယ်ခံရ

Photo;AFP

MSN

ဗီဒီယိုဂိမ်းများအတွက် အသုံးစရိတ်ကို ကန့်သတ်ရန် အဆိုပြုထားသော စည်းမျဉ်းများကြောင့် တရုတ်ဂိမ်းစတော့ရှယ်ယာများ ထိခိုက်မှုကြုံပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်အစိုးရသည် စာနယ်ဇင်းနှင့် ထုတ်ဝေရေးလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲသည့် အစိုးရအဖွဲ့မှ အရာရှိတဦးကို ရာထူးမှဖယ်ရှားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဖန်ရှီရှင်းသည် လွန်ခဲ့သည့် သီတင်းပတ်က ကွန်မြူနစ်ပါတီလက်အောက် ထုတ်ဝေရေးဌာန၏ အကြီးအကဲအဖြစ်မှ ဖယ်ရှားခံခဲ့ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါဌာနသည် တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဗီဒီယိုဂိမ်းကဏ္ဍကို ထိန်းချုပ်သည့် နိုင်ငံ၏ စာနယ်ဇင်းနှင့် ထုတ်ဝေရေးစီမံခန့်ခွဲမှု (NPPA) ကို ကြီးကြပ်သည်။

Reuters သတင်းဌာနက ဝန်ထမ်းရေးရာကိစ္စများအပါအဝင် မီဒီယာမေးမြန်းချက်များကို တရုတ်အစိုးရကိုယ်စား ဖြေကြားသည့် တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးအား မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ချက်ချင်း တုံ့ပြန်မှုမရခဲ့သလို ဖန်အား ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကိုလည်း မရရှိခဲ့ပေ။

ဖန်ကို ဖယ်ရှားခြင်းသည် ကုမ္ပဏီကြီး Tencent အပါအဝင် ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းကဏ္ဍရှိ ကုမ္ပဏီများ၏ စတော့များကို ကျဆင်းစေခဲ့သော NPPA ၏ လွန်ခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းများနှင့် ဆက်စပ်နေသည်ဟု သတင်းရင်းမြစ် ငါးခုက ပြောကြားခဲ့သည်။

ဖန်သည် မကြာသေးမီနှစ်များအတွင်းက ဂိမ်းခွင့်ပြုချက်များနှင့် ဂိမ်းကစားသူများအတွက် အမည်ရင်းအတည်ပြုခြင်းဆိုင်ရာသတ်မှတ်ချက်များအပါအဝင် လုပ်ငန်းကိုထိန်းချုပ်ရန် အာဏာပိုင်များ၏ကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးသည့်ပွဲများတွင် တရုတ်အစိုးရကို ကိုယ်စားပြုခဲ့သည်။

ဗီဒီယိုဂိမ်းကစားခြင်းကို အားပေးအားမြှောက်ဖြစ်စေသည့် ဆုငွေချီးမြှင့်မှုနှင့် အသုံးစရိတ်ကို ကန့်သတ်ရန် ကြိုးပမ်းသော NPPA ၏ အဆိုပြုမှုများသည် အာဏာပိုင်များက ဂိမ်းကဏ္ဍကို နောက်တဖန် အပြင်းအထန် ဖြိုခွင်းပြီး စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံနီးပါးရှိ တရုတ်၏ အကြီးဆုံး ဂိမ်းကုမ္ပဏီနှစ်ခုအား ဖယ်ရှားပစ်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

နှေးကွေးနေသောစီးပွားရေးကို မြှင့်တင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုကို အားပေးရန် တရုတ်ကအစိုးရက ကြိုးစားနေချိန်၌ ထိုအစီအစဥ်များသည် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်တွင် စည်းမျဉ်းစည်းကမ်းပြောင်းလဲမှုဆိုင်ရာ အန္တရာယ်အလားအလာများကို စိုးရိမ်လာကာ ယုံကြည်မှုကိုလည်းထိခိုက်စေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

စည်းမျဥ်းများထုတ်ပြန်ပြီး ငါးရက်အကြာတွင် NPPA က လူထုအမြင်များကို အလေးအနက်လေ့လာခြင်းဖြင့် ပိုမိုကောင်းမွန်သောစည်းမျဉ်းများဖြစ်လာမည်ဖြစ်ကြောင်း ပြေရာပြေကြောင်းပြောခဲ့သည်။

တရုတ်အစိုးရသည် ဗီဒီယိုဂိမ်းကဏ္ဍကို ၂၀၂၁ ခုနှစ်တွင် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး ဂိမ်းစွဲလမ်းမှုကို စိုးရိမ်ကြောင်းအကြောင်းပြလျက် အသက် ၁၈ နှစ်အောက်များအတွက် တင်းကျပ်သော ကစားချိန်ကန့်သတ်ကာ ဗီဒီယိုဂိမ်းအသစ်များထုတ်လုပ်မှုကိုလည်း ရှစ်လခန့် ဆိုင်းငံ့ခဲ့သည်။

ဂိမ်းကဏ္ဍဖြိုခွင်းမှုသည် နည်းပညာနှင့် အိမ်ခြံမြေအပါအဝင် ကဏ္ဍများစွာတွင် စည်းမျဉ်းပိုမိုတင်းကျပ်လာမှု၏ တစိတ်တပိုင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၌ တရုတ်ဂိမ်းလုပ်ငန်းတွင် စုစုပေါင်းဝင်ငွေ ပထမဆုံးအကြိမ် နည်းပါးခဲ့ကာ စံချိန်တင်အခက်ခဲဆုံးနှစ် ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံ၏ ဗီဒီယိုဂိမ်းဈေးကွက်သည် ယမန်နှစ်က ပြည်တွင်းဝင်ငွေ ၁၄ ရာခိုင်နှုန်း ပြန်လည်မြင့်တက်ခဲ့ပြီး ယွမ် ၃၀၃ ဘီလီယံ (ဒေါ်လာ ၄၂ ဒသမ ၄၇ ဘီလီယံ) အထိ ရရှိခဲ့ကြောင်း တရုတ်ဂိမ်းကဏ္ဍဆိုင်ရာကော်မတီ (CGIGC) က ပြောသည်။