စစ်ကောင်စီတပ် လက်ချက်ကြောင့် အမျိုးသမီး ၄၀၀ နီးပါး သေဆုံးကြောင်း BWU ပြော

001

(မဇ္စျိမ) ။ ။ အာဏာသိမ်းစစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အမျိုးသမီး ၃၉၂ ဦး ရှိပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ၅၄၁ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယင်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ BWU က ကောက်ယူထားသော နိုင်ငံတဝှမ်း သေဆုံးသူအမျိုးသမီး အရေအတွက် ဖြစ်သည်။

သေဆုံးသူ အမျိုးသမီးများမှာ အဓိကအားဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အများဆုံးဖြစ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့လည်းရှိကြောင်း BWU ထံမှ သိရသည်။

အာဏာသိမ်းကာလအတွင်း အမျိုးသမီး သေဆုံးရမှုများ၊ ဖမ်းဆီးထိန်းသိမ်း ခံရမှုများမှာ တနှစ်ထက် တနှစ် ၊ တလထက်တလ အရေအတွက် ပိုမိုများပြားလာကြောင်း BWU ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) မဝေဝေက မဇ္ဈိမကို ပြောသည်။

“အမျိုးသမီးတွေဟာ ဘယ်နေရာမှာပဲနေနေ ဘယ်သူတွေနဲ့ပဲရှိနေရှိနေ ဒီအကြမ်းဖက်စစ်တပ်ရှိနေသ၍ အမျိုးသမီးတွေရဲ့ ဘဝဟာ မလုံခြုံဘူး၊ အချိန်မရွေး လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုတွေကြုံရနိုင်သလို အချိန်မရွေး ခေါ်သွားပြီးတော့မှ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတာတွေလည်း ဖြစ်နိုင်တယ်၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတဲ့ အချိန်တွေမှာဆိုရင်လည်း ဒီအမျိုးသမီးနဲ့ ကလေးသူငယ်တွေက ပိုပြီးတော့ ထိခိုက်ခံစားရတာတွေဖြစ်တော့ အမျိုးသမီး တွေရဲ့ လုံခြုံရေးအခြေအနေက အလွန်အမင်း စိုးရိမ်ထိတ်လန့်ဖွယ်ရာကောင်းပြီးတော့ လုံးဝလုံခြုံမှုမရှိတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်”ဟု တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) မဝေဝေက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း လူမှုကွန်ရက်တွင် သတင်းအမှားများ ရေးသားဖြန့်ဝေကြောင်း စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရသူ အမျိုးသမီး ၂၀ ဦး ရှိခဲ့ကြောင်းလည်း BWU က ပြောသည်။

“အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမျိုးသမီးနဲ့ မိန်းကလေးတွေကို စစ်လက်နက်သဖွယ် ပစ်မှတ်ထားပြီး လုပ်ဆောင်နေတဲ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့လိုပါတယ်၊ အဲ့ဒီလို ရပ်တန်းကရပ်ဖို့ နိုင်ငံတကာရဲ့ ဥပဒေတွေနဲ့ ထိရောက်တဲ့ အပြစ်ပေးအရေးယူ ဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ဖို့လိုပါတယ်”ဟု မဝေဝေက ပြောသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က အမျိုးသမီးများကို စစ်ကြောရေးများတွင် နှိပ်စက်ခြင်းအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုလည်း နည်းမျိုးစုံဖြင့် လုပ်ဆောင်မှုများရှိကြောင်း BWU က ပြောသည်။

စစ်ကောင်စီ၏ အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုနှင့် လိမ်အကြမ်းဖက်မှုများကို တရားမျှတမှု ပြန်လည်ရရှိစေရန် အားစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိခိုက်နစ်နာခဲ့ကြသည့် အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်များအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရှိန်မြှင့် ကုစားသွားမည်ဖြစ်ကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူဇန်နာလှလှစိုးက နှစ်သစ်ဆုတောင်းတွင် ပြောဆိုထားသည်။

“အကြမ်းဖက်စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာဖြင့် အမျိုးသမီး များနှင့်က‌လေးသူငယ်များအ‌ပေါ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုများ၊ စစ်ရာဇဝတ်ပြစ်မှုများ၊ လိင်အကြမ်းဖက်မှုများကို တရားမျှတမှုပြန်လည်ရရှိရေး အတွက် မည်သူမျှ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရ ဆိုသည့်မူအတိုင်း ဝန်ကြီးဌာနအနေဖြင့် ဆောင်ကျဉ်းပေးသွားမည်” ဟု နော်စူဇန်နာလှလှစိုး က ပြောထားသည်။

ထို့ပြင် NUG ပြည်ထောာင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စစ်ကောင်စီသည် တော်လှန်ရေးကာလအတွင်း အမျိုးသမီး၊ ကလေးသူငယ်ဟူ၍ မခွဲခြားဘဲ အကြမ်းဖက်မှုအမျိုးမျိုးကို လုပ်ဆောင်နေခဲ့ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ပြောဆိုထားသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတဝှမ်း အမျိုးသမီး ၇၀၀ ကျော််ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ၃,၂၀၀ ကျော်ရှိကြောင်း သိရသည်။

Photo – ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်အမျိုးသမီးအချို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာအတွင်းက တွေ့ရစဥ် (KHAI)

စာတည်း။ ။ နောင်နောင်