တရုတ်၏ စစ်ရေးလှုပ်ရှားများကြောင့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်လာကြသည့် ထိုင်ဝမ်ပြည်သူများ

ထိုင်ဝမ်လူမျိုး မိုက်ခရိုချစ်ပ် လုပ်ငန်းရှင် ရောဘတ်ဆောင်(Photo:AFP)

ABC:

အမိမြေနှင့် ပြည်သူများ၏ အနာဂတ်ကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်လူမျိုး မိုက်ခရိုချစ်ပ် လုပ်ငန်းရှင် ရောဘတ်ဆောင်က ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိ ၎င်း၏ နောက်ဆုံး စီမံကိန်းတခုကို ကြေညာစဉ် အတိအလင်း ကတိပြု ပြောကြားလိုက်သည်။

ဖြစ်ပေါ်လာနိုင်သည့် ကျူးကျော်မှုကို ကာကွယ်ရန် အရပ်သားစစ်သည် ၃ ဒသမ ၃ သန်းကို လေ့ကျင့်ပေးမည့် အစီအစဉ်အား အသက် ၇၆ နှစ်အရွယ် အဆိုပါ လုပ်ငန်းရှင်ကြီးက ဖွင့်လှစ်ပေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ(CCP) သည် မကြာသေးမီ နှစ်များအတွင်း အိမ်နီးချင်းထိုင်ဝမ်နှင့်ပတ်သက်သည့် ၎င်း၏ လေသံများ ပိုမိုတင်းမာလာပြီး ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကာ “ပြန်လည်ပေါင်းစည်းရေး” အောင်မြင်ရန် အင်အားသုံးသည့် နည်းလမ်းကို စွန့်လွှတ်ဖို့ ငြင်းဆန်ထားသည်။

“တရုတ်အနေနဲ့ ပြန်လည်ပေါင်းစည်းရေးကို မလွဲမသွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးမှ တရုတ်ပြည်သူများဟာ တရုတ်နိုင်ငံ ပြန်လည်ထွန်းပရေးရဲ့ ရည်ရွယ်ချက်ကို သိရှိပြီး ဂုဏ်ဝံ့ထည်မှုတွေကို မျှဝေခံစားရမှာ ဖြစ်ပါတယ်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်း၏ ဒီဇင်ဘာ ၃၁ ရက်က နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေသည့် အခင်းအကျင်း၌ ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းကြောင့် သာမန်အရပ်သားပြည်သူများသည် တရုတ်က ကျူးကျော်မည်ကို ပို၍ စိုးရိမ်လာကြပြီး အချို့မှာ မိမိတို့ တတ်နိုင်သမျှ လုပ်ဆောင်လာကြသည်။

ကူးမားတက္ကသိုလ်တွင် သင်တန်းများပို့ချရန် ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရောဘတ်ဆောင်က ကတိပြုခဲ့ပြီးနောက် ၁၅ လ အတွင်း အရပ်ဘက် ကာကွယ်ရေးသင်တန်းများ ပို့ချရန် အဆိုပါ တိုင်ပေအခြေစိုက် အဖွဲ့အစည်းအား တောင်းဆိုမှု မြင့်တက်လာခဲ့သည်။

သင်တန်းတက်ရောက်သူ အများစုမှာ ကျူးကျော်စစ်ဖြစ်စေ၊ ပိတ်ဆို့တားဆီးမှုဖြစ်စေ ဖြစ်ပွားလာလျှင် မိမိတို့၏သားသမီးများကို ပြုစုစောင့်ရှောက်ရေးအတွက် စိုးရိမ်လျက်ရှိသော အသက်ငယ်ရွယ်သည့် မိဘများနှင့် အမျိုးသမီးများဖြစ်ကြောင်း သင်တန်းစီစဉ်သူများက ပြောကြားထားသည်။

“၎င်းတို့ဟာ ကလေးတွေကို စစ်ပွဲနဲ့ မကြုံစေချင်ကြဘူး။ အသက်ရှင်သန်စေချင်ကြတယ်” ဟု ကူးမားတက္ကသိုလ် ပူးတွဲတည်ထောင်သူ ပူးမားရှန်းက ပြောကြားခဲ့သည်။

ထိုင်ဝမ် ပြည်သူများ၏ နေ့စဉ်ဘဝသည် ပကတိ ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပြီး ခြိမ်းခြောက်မှုများ မြှင့်တက်လာမှုအကြောင်း မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေးနွေးပြောဆိုခြင်းသည် ရိုင်းရာကျသည်ဟု ယူဆ၍ ဆွေးနွေးပြောဆိုလေ့ မရှိပေ။

အဆိုပါ သင်တန်းများကို တက်ရောက်နေသော်လည်း မိမိတို့၏ စိုးရိမ်မှု အပြည့်အစုံကို ထုတ်ဖော်ပြောကြားရန် ရံဖန်ရံခါ ဝန်လေးတတ်ကြသည်။ သို့သော် သာမန်ပြည်သူများသည် မမြင်နိုင်သည့် အနာဂတ်အတွက် မိမိကိုယ်ကိုယ် စွမ်းဆောင်ရည်များ မြှင့်တင်လျက်ရှိသည်။

နည်းပညာလုပ်ငန်းရှင်ကြီး ရောဘတ်ဆောင်သည် ကမ္ဘာ့အကြီးဆုံး တပိုင်းလျှပ်ကူး ချစ်ပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီများတွင်ပါဝင်သည့် United Microelectronics Corp ကို တည်ထောင်သူဖြစ်သည်။
ဆောင်သည် အထူးလက်ဖြောင့်တပ်သား ၃၀၀,၀၀၀ အတွက် ရန်ပုံငွေတစိတ်တပိုင်းအပြင် ကူးမားတက္ကသိုလ်အပါအဝင် အဖွဲ့အစည်းများမှတဆင့် အရပ်သားစစ်တပ် ဖွဲ့စည်းရေးအတွက် ထိုင်ဝမ်ဒေါ်လာ တဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀) ထောက်ပံ့ရန် ပြီးခဲ့သည့် စက်တင်ဘာလက ကတိပြုခဲ့သည်။

၎င်းသည် တန်ဖိုးနည်း မောင်းသူမဲ့ဒရုန်းများ ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ပြည်တွင်းကုမ္ပဏီများနှင့် ဆွေးနွေးခဲ့သည်။

တရုတ်စစ်တပ်သည် ထိုင်ဝမ်စစ်တပ်ထက် အစစအရာရာ အင်အား လွန်စွာသာလွန်ကြောင်း အမေရိကန် ကာကွယ်ရေးဌာနမှ ထုတ်ပြန်သည့် တရုတ်၏ စစ်ရေးတည်ဆောက်မှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုင်ဝမ်စစ်တပ်တွင် စစ်သည်အင်အား ၁၇၀,၀၀၀ သာရှိသော်လည်း တရုတ်စစ်တပ်တွင် အမြဲတမ်းစစ်သည် နှစ်သန်းကျော်ရှိသည်။ တရုတ်စစ်တပ်သည် ထိုင်ဝမ်ထက် တင့်ကားအရေအတွက် ငါးဆနှင့် တိုက်လေယာဉ် အရေအတွက် ခြောက်ဆ သာလွန်သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ လှုပ်ရှားမှုများကို ထိုင်ဝမ်က သတိထားစောင့်ကြည့်လျက်ရှိသော်လည်း စိုးရိမ်မှုများရှိနေသည့် ပြည်သူများအတွက် အရင်းအမြစ်ပိုင်းတွင် အကန့်အသတ်ရှိနေသည်။

လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ လေ့ကျင့်မှုများတွင် အရပ်သားပြည်သူများပါဝင်ရန် လိုအပ်သော်လည်း စာသင်ကျောင်း၊ တက္ကသိုလ်နှင့် မထမ်းမနေရ စစ်မှုထမ်းခြင်းတို့မှအပ အများပြည်သူသို့ ပညာပေးနိုင်သည့် အခြေအနေ နည်းပါးသည်။ လက်ရှိစနစ်များသည် မြင့်တက်လာသည့် တရုတ်၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် လုံလောက်မှု မရှိကြောင်း ထိုင်ဝမ်အစိုးရက ဝန်ခံထားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တခုကျော်က ၁၂ လတာ စစ်မှုထမ်းခဲ့မှုသည် မိမိအတွက် လုံလောက်မှုရှိသည်ဟု မယူဆကြောင်း ကူးမားတက္ကသိုလ်တွင် အခြေခံသင်တန်းတက်ရောက်ရန် စာရင်းပေးထားသည့် ဒေသခံတဦးက ပြောကြားခဲ့သည်။

ကူးမားတက္ကသိုလ်တွင် တနေ့တာ အခြေခံသင်တန်းတက်ရောက်ပြီးနောက် သင်တန်းသားများအနေဖြင့် ဆေးပညာသင်တန်းကဲ့သို့ မိမိတို့ အထူးပြုလေ့လာမည့်နယ်ပယ်ကို ရွေးချယ်ကြရသည်။

အသက် ၇၃ နှစ်အရွယ် အလိုင်ချန်းသည် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးအတွက် လွတ်လပ်သော အရင်းအမြစ်စုဆောင်းရေး အဆင့်မြင့်သင်တန်းကို တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။

“တရုတ်က သတင်းတု၊ သတင်းမှားတွေ ဖြန့်ပြီး ကျွန်တော်တို့ လက်မြှောက်အရှုံးပေးရမှာပဲလို့ ယူဆလာအောင် စိတ်ဓာတ်ပိုင်းအရ တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အလွန်တော်တယ်” ဟု Doublethink Lab ဆိုသည့် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး အဖွဲ့အစည်းကို တည်ထောင်ထားသူ ရှန်းက ပြောကြားခဲ့သည်။

“လူတိုင်းလူတိုင်း စစ်ပွဲအတွက် စိတ်ဓာတ်ပိုင်း ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ လက်မြှောက်အရှုံးပေးမှာ မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ မိမိတို့လိုနေတာ အဲ့ဒီအချက်ပါပဲ” ဟု ၎င်းက ဆိုသည်။