မန္တလေးမြို့တော်၀န်ဒေါက်တာရဲလွင်နှင့် တိုင်းစည်ပင်ကော်မတီ၀င် အိုးဘိုထောင်မှ လွတ်မြောက်

ပုံအညွှန်း- မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်နှင့် တိုင်းစည်ပင်ကော်မတီ၀င် ဦးကျော်ဇေယျ (မျက်မှန်တပ်ထားသူ) တို့နှစ်ဦးကို တွေ့ရစဉ် (ပုံဟောင်း)

007
မဇ္စျိမ။ ။မန္တလေးမြို့တော်၀န်ဒေါက်တာရဲလွင်နှင့်မန္တလေးတိုင်းစည်ပင်ကော်မတီ၀င်ဦးကျော်ဇေယျသည် ယနေ့ဇန်နဝါရီ ၄ရက်တွင် အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်မှ ယနေ့နေ့လယ်နှစ် နာရီခွဲအချိန်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး နှစ်ဦးစလုံး၏ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းသိရသည်။

“နေ့လယ်၂ နာရီခွဲမှာ စလွှတ်တယ်။အဲဒီမှာ ဆရာရဲ(ဒေါက်တာရဲလွင်)နဲ့ ကိုကျော်ဇေယျ (မန္တလေးတိုင်းစည်ပင်သာယာကော်မတီ၀င်)ပါလာတာ။ ကျန်းမာရေးကောင်းကြပါတယ်။ အပြင်ပန်းအကြည့်အရပေါ့နော်” ဟု ဦးကျော်ဇေယျနှင့်နီးစပ်သူတဦးက ပြောသည်။

အသက် ၇၂နှစ်အရွယ် ဒေါက်တာရဲလွင်နှင့် အသက် ၄၄နှစ်အရွယ် ဦးကျော်ဇေယျသည် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅(ခ) ဖြင့်တရားစွဲကာ ထိုနှစ်ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထောင် နှစ်နှစ်စီချမှတ်ခံခဲ့ရသည်။

ထို့နောက်လွတ်ရက်စေ့ခါနီး၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် နှစ်ဦးစလုံးကို နိုင်ငံတော် ဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုပုဒ်မ ၄၀၉ ဖြင့်ထပ်မံတရားစွဲခဲ့ပြီး ထောင်နှစ်နှစ်ထပ်ချခဲ့သည်။ယနေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းအစီအစဉ်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရလက်ထက်က မန္တလေးတိုင်းအစိုးရအဖွဲ့တွင် မြို့တော်၀န်အဖြစ်တာ၀န်ပေးအပ်ခြင်းခံရသည့် ဒေါက်တာရဲလွင်သည် ၎င်း၏လုပ်ဆောင်ချက်များကြောင့် လူထုထောက်ခံမှုအများအပြားရရှိခဲ့ပြီး မြို့နေလူထု၏ယုံကြည်လေးစားခြင်းခံရသူလည်းဖြစ်သည်။

လက်ရှိတွင် မန္တလေးအိုးဘိုထောင်အတွင်း၌ သွေးကင်ဆာရောဂါခံစားနေရသော အသက် ၇၃ နှစ်အရွယ် မန္တလေးတိုင်း၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့်အတူ မန္တလေးတိုင်းလျှပ်စစ်၀န်ကြီးဦးဇာနည်အောင်တို့သည် တခြားသောနိုင်ငံရေးအကျဉ်းသားအချို့နှင့်အတူ ကျန်ရှိနေသည်။နှစ်ဦးစလုံးသည် လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုမရရှိကြောင်း ပြန်လွတ်မြောက်လာသူများ၏ ပြောပြချက်အရသိရသည်။

စစ်ကောင်စီက ယနေ့ကျရောက်သည့် ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၉,၆၅၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ ၁၁၄ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။ မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းသား ၁,၀၀၀ ကျော် လွှတ်ပေးမည်ဟု သိရပြီး ယနေ့ညနေအထိ အသုတ်လိုက် ပြန်လွှတ်ပေးနေဆဲဖြစ်သည်။

စာတည်း – အေးချမ်း