ဟိုပန် မြို့တွင် UWSA နှင့် MNDAA အလံများ ထောင်ထားပြီး မြို့တွင်း အခြေအနေတည်ငြိမ်

ပုံအညွှန်း-ယနေ့ ဇန်နဝါရီ ၆ ရက် ဟိုပန်မြို့တွင်း မြင်ကွင်း ၊ ဓါတ်ပုံ- Alex Harry (ပေးပို့)

ဂျူချန်း

(မဇ္ဈိမ)။ ။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA )နှင့် ညီနောင်သုံးဖွဲ့တို့ ထိန်းချုပ်ထားပြီး မြို့တွင်းနေရာအချို့တွင် UWSA နှင့် MNDAA အလံများထောင်ထားကာ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် အခြေအနေတည်ငြိမ်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ ညနေပိုင်းက ဟိုပန်မြို့၌ လက်နက်ချလာသည့် စစ်ကောင်စီလက်အောက်ခံများကို ပြန်ပို့ရန် စီစဉ်နေကြောင်းလည်း မြို့ခံများက ပြောသည်။

“မနေ့က စဖြစ်တုန်းက “ဝ” တိုင်းကဥက္ကဌ ဦးညီနပ်က ပန်လုံရောက်နေတာ။ ဦးညီနပ်က ပန်လုံ ကိုဝင်တာနဲ့ တခါတည်း လက်နက်ချမယ်ဆိုပြီး ကြိုတင်စီစဉ်ထားပြီးသား။ ဒီက ဟိုပန်နဲ့ ပန်လုံအပါအဝင် အကုန်လုံး လက်နက်ချတာ ၆၀၀ ကျော် ၇၀၀ နီးပါး ရှိတယ်။ လားရှိုးကို ပြန်ပို့ဖို့ စီစဉ်ထားတယ်။ ရက်အတိအကျလည်းမသိရသေးဘူး။ ဘယ်ချိန်ပြန်ပို့မယ်လည်း မသိဘူး” ဟု ဟိုပန်မြို့ခံတဦးက ပြောသည်။

ညီနောင်သုံးဖွဲ့မှ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကို ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၁၀နာရီခန့်တွင် ဟိုပန် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် နေ့ခင်းပိုင်းတွင် “ဝ” တပ်ဖွဲ့များ ဝင်ရောက်လာကာ စစ်ကောင်စီခန့် ဟိုပန်အုပ်ချုပ်ရေး ဥက္ကဌ ဦးညီနပ်က လက်နက်ကိုင်များနှင့် ညှိနှိုင်းကာ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း “ဝ” တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“ဟိုပန်ကိုဝင်တိုက်တာကတော့ ကိုးကန့်အဖွဲ့ပါ၊သေနတ်သံတွေငြိမ်သွားပြီး နေ့လယ်ပိုင်းလောက်မှ ဝ အဖွဲ့က ဟိုပန်မြို့ထဲကို ဝင်လာတာ။ ဟိုပန်နဲ့ပန်လုံမှာရှိတဲ့ မြန်မာစစ်တပ်က၊ကိုးကန့်အဖွဲ့ဆီမှာ လက်နက်မချချင်ဘူး။ ဝအဖွဲ့ဆီမှာပဲ လက်နက်ချမယ်ပြောလို့ ဝ တပ်ဖွဲ့က ဝင်လာတာပါ။ “ဝ” ဘက်ကနေတဆင့်၊ လားရှိုး မဟုတ်ရင် ကျိုင်းတုံဘက်က ပို့မယ်လို့သိရပါတယ်” ဟု ဟိုပန်မြို့မှ အခြားသတင်းရင်းမြစ်တဦးက ပြောသည်။

လက်ရှိတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးရုံး၊ တပ်တွင်း နှင့် ဌာနဆိုင်ရာနေရာများတွင် UWSA မှ နေရာယူထားပြီး MNDAA နှင့် မဟာမိတ်တပ်ဖွဲ့ဝင်အချို့ တပ်ဆုတ်သွားကာ အချို့သည် လမ်းမများတွင် လုံခြုံရေး ယူထားသည်ကို မြင်ရကြောင်း ဒေသခံများက ပြောသည်။ ဟိုပန်မြို့တွင် ယနေ့၌ အခြေအနေတည်ငြိမ်လျက်ရှိပြီး မြို့နယ်အထွေအုပ်ရုံး၊ ဆေးရုံ၊ တရားရုံး စသည့် ဌာနဆိုင်ရာ နေရာများတွင် UWSA အလံထောင်ထားပြီး အချို့နေရာများတွင် MNDAA နှင့် UWSA အလံများကို ပူးတွဲထောင်ထားသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။

“ဒီနေ့မနက်ပဲ ကျနော် ဈေးထဲသွားပြီး ခေါက်ဆွဲသွားဝယ်တာ။ သူတို့(ကိုးကန့်တပ်)လည်း ခေါက်ဆွဲထိုင်စားနေတာ တွေ့ခဲ့တယ်။ ” ဟု ဟိုပန်မြို့ခံတဦးက ပြောသည်။

မြို့ထဲတွင်မူ MNDAA မှ ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ဟိုပန်မြို့ကို လွတ်မြောက်ကြောင်း ကြေညာသည့် စာတစောင်ကို ဖြန့်ဝေနေကြောင်း ဒေသခံထံက သိရသည်။

ထိုစာအတွင်းတွင် ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များ ဝင်ရောက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် အထိတ်တလန့်မဖြစ်ကြရန်၊ ကောလာဟလသတင်းများ မဖြန့်ဝေကြရန်၊ လုပ်ငန်းခွင်များ ပုံမှန်လည်ပတ်ကြရန်နှင့် ကုန်ဈေးနှုန်းတင်ကာ ရောင်းချခြင်းများကို တင်းကြပ်စွာ တားမြစ်ကြောင်း၊ ယင်းအပြင် ၎င်းတို့တပ်သားများအနေဖြင့် ပြည်သူပိုင်ပစ္စည်းများကို မတရားသိမ်းယူခြင်း၊ ပြည်သူကို ဖိနှိပ်ခြင်းမပြုလုပ်ရန် အပြင်းအထန်တားမြစ်ထားပြီး အနိုင်ကျင့်ခံရပါက တိုင်ကြားနိုင်ကြောင်း ပါရှိသည်။ ယခုဖြစ်စဉ်မတိုင်ခင်အထိ ဟိုပန်မြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ဟိုပန် မြို့တွင်းကို တိုက်ခိုက်ပြီးနောက် ဟိုပန်မြို့အတွင်းတွင် ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များ ရှိသကဲ့သို့ “ဝ” တပ်ဖွဲ့များလည်း အပြည့်အဝ နေရာယူထားကြသဖြင့် ဟိုပန် မြို့ကို မည်သည့် အဖွဲ့အစည်းက ဆက်လက်အုပ်ချုပ်မည်ကို ဒေသခံများအနေဖြင့် ဝေခွဲမရဖြစ်နေကြောင်း ဆိုသည်။

ဟိုပန်မြို့အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို သိရှိနိုင်ရန် မဇ္ဈိမမှ UWSA မှ လားရှိုး ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း၊ MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်း နှင့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း တို့ကို ဆက်သွယ်နေသော်လည်း မည်သည့်အဖွဲ့အစည်းမှ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး