စစ်မှုထမ်းရန် လူ ၂၀၀ ကျော်ကို စစ်ကောင်စီက ပေါ်တာဆွဲခဲ့ကြောင်း အစီရင်ခံစာ ၁ စောင်တွင် ဖော်ပြ

ပုံအညွှန်း- စစ်မှုထမ်းရန် စုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်နေရသူများ (Photo-ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ တယ်လီဂရမ်ချန်နယ်)

ပုံအညွှန်း- စစ်မှုထမ်းရန် စုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်နေရသူများ (Photo-ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ တယ်လီဂရမ်ချန်နယ်)

ဂျူချန်း

(မဇ္ဈိမ) ။ ။ စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းရန် ပထမအသုတ်တွင် ခေါ်ယူထားသည့် သင်တန်းသား ၅,၀၀၀ ဝန်းကျင်အနက် ၂၂၀ ကျော်မှာ အတင်းအဓ္ဓမ ပေါ်တာဆွဲခံထားရသူများဖြစ်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာအရ သိရသည်။

“လူငယ်ပေါင်း ၂၂၀ ထက်မနည်းသည် အတင်းအဓမ္မ တပ်သားသစ်များအဖြစ် စုဆောင်းခံရခြင်း၊ တနည်းအားဖြင့် ပေါ်တာဆွဲခံရခြင်းများရှိခဲ့ကြောင်း အချက်အလက်များအရ တွေ့ရှိရသည်” ဟု ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်သော BACS ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တပ်သားသစ် အတင်းအဓမ္မ စုဆောင်းခြင်း သို့မဟုတ် ပေါ်တာဆွဲခြင်း ခေါင်းစဉ်ဖြင့် ဖမ်းဆီးခံရသူများသည် မန္တလေးတိုင်းမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ရန်ကုန်၊ ကချင်၊ မွန်၊ ရခိုင်၊ မကွေး၊ ဧရာဝတီတိုင်းက ဒေသခံများလည်း ပေါ်တာဆွဲခံခဲ့ရကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရပြီး မြို့အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ လက်လွှတ်ထားရချိန် စစ်ကောင်စီသည် အာဏာရှင်ဟောင်း လက်ထက်က ရေးဆွဲခဲ့သော အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် အသက်သွင်းခဲ့သည်။

ယင်းနောက် စစ်ကောင်စီသည် မတ်လအတွင်းတွင် မြို့နယ်ပေါင်း ၂၂၄ မြို့နယ်၌ စစ်မှုထမ်းအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး မတ်လကုန်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းထားသည့် လူငယ် ၅,၀၀၀ ဝန်းကျင်ကို သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပထမအသုတ်အဖြစ် ပို့ဆောင်ခဲ့သည်။

ယင်းသင်တန်းကျောင်းများမှာ တွင်းငယ်(သပိတ်ကျင်း) ရှိ တတက(၁၃) ၌ အင်အား ၂၀၀ ကျော်၊ သပိတ်ကျင်းရှိ စခတ(၂) တွင် ၁၇၀ ဝန်းကျင်၊ ကျိုင်းတုံရှိ တတက(၃) တွင် ၁၇၀ ဝန်းကျင်၊ ဥတ္တရသီရိရှိ တတက(၂) တွင် ၂၀၀ ဝန်းကျင်၊ အုတ်တွင်းရှိ တတက(၆) တွင် ၃၀၀ ကျော်ကို သံဖြူဇရပ်ရှိ တတက(၄) တွင် ၂၀၀ ကျော်၊ ပလောက်ရှိ တတက(၁၂) တွင် ၂၀၀ ကျော်ကို စစ်သင်တန်းများ ပေးနေသည်။

အလားတူ ဖော်ကြီး(လှည်းကူး) ရှိ စခတ(၁) တွင် ၂၀၀ ကျော်၊ ချင်းကုန်း(တိုက်ကြီး) ရှိ တတက(၁) တွင် ၅၀၀ ခန့်၊ ရွှေမြင်တင်(ပုသိမ်) ရှိ စခတ(၆) တွင် ၂၀၀ ကျော်၊ ကွင်းကောက်(အင်္ဂပူ) ရှိ တတက(၅) တွင် ၅၀၀ ဝန်းကျင်၊ တောင်တွင်းကြီးရှိ စခတ(၇) တွင် ၂၅၀ ဝန်းကျင်၊ ဟိုပုံးရှိ တကန(ဟိုပုံး) တွင် ၅၀၀ ကျော်၊ ဗထူးတပ်မြို့ရှိ ရကသ(၁) တွင် ၅၉၀၊ ရွှေဘိုရှိ စခတ(၈) တွင် ၁၇၀ ဝန်းကျင်ရှိကြောင်း BACS က ဖော်ပြသည်။

ယင်းအရေအတွက်သည် စစ်ကောင်စီကို ထောက်ခံရေးသားနေသော တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြမှုကို ကိုးကားကာ စာရင်းကောက်ယူခဲ့ခြင်းဖြစ်ပြီး လက်တွေ့မြေပြင်နှင့် ကွဲလွဲနိုင်ကြောင်း ဆိုထားသည်။

စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်များကို စုဆောင်းရာတွင် ငွေကြေးကျောထောက်နောက်ခံ မရှိသူများကို အဓိကပစ်မှတ်ထား စုဆောင်းခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။

“ရပ်ကွက်ထဲ ရွာထဲမှာ ကျောထောက်နောက်ခံနည်းတယ်။ ဝင်ငွေနည်းတယ်။ တော်ရုံတန်ရုံ ပြဿနာပြန်မရှာနိုင်တဲ့ သူမျိုး။ အဲ့ဒီအထဲမှာမှ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ သူမျိုးကို ပစ်မှတ်ထားနိုင်တယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။

BACS ၏ အစီရင်ခံစာတွင်လည်း ဆင်ရဲနွမ်းပါးသည့် အောက်ခြေလူတန်းစားများကို ငွေကြေးမက်လုံးပေးပြီး စစ်မှုထမ်းရန် စုစောင်းခဲ့ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာပါ ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြ့န်ချက်ရရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ နှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့ကို မဇ္ဈိမမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် စစ်မှုထမ်းမထမ်းလိုဘဲ နေရပ်စွန့်ခွာထွက်ပြေးရန် ကြိုးစားနေသော လူငယ်အများအပြားရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ သွားရောက်ခိုလှုံနေသူများလည်း ရှိနေသည်။

“များသောအားဖြင့် အသိုင်းအဝိုင်းရှိတယ်၊ ကျောထောက်နောက်ခံကောင်းတယ်၊ အချိတ်အဆက်ရှိတယ်ဆိုတဲ့လူတွေတော့ (စစ်မှုထမ်းဖို့) ပါသွားတယ်ဆိုတာကို သိပ်မကြားသေးဘူး” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။

ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆုံးရှုံးထားသော နယ်မြေများကို စစ်မှုထမ်းဥပဒေဖြင့် စည်းရုံးလူစုပြီး ပြန်လည်သိမ်းပိုက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုနှစ် မတ်လ ၂၇ ရက်၊ တော်လှန်ရေးနေ့အခမ်းအနားတွင် လူသိရှင်ကြား ကြုံးဝါးခဲ့သည်။

စာတည်း။ ။ နောင်နောင်