ကျုံပျော်တွင် ရာအိမ်မှူးအပါ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပုံအညွှန်း – အခင်းဖြစ်ရာနေရာ၌ ပစ်ခတ်ခံရသူနှစ်ဦးအားတွေ့ရစဥ်

မင်းထက်

(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မဂူရိုးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့၊ ညနေ ၅ နာရီခန့်အချိန်က ရာအိမ်မှူးနှင့် ၎င်း၏နောက်လိုက်တို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံး‌ကြောင်း ပုသိမ်ခရိုင် (ပကဖ)ထံက သိရသည်။

သေဆုံးသူများမှာ ရာအိမ်မှူးသန်းမင်းအောင်နှင့် ၎င်း၏ နောက်လိုက် ဦးငွေသိန်းဆိုသူတို့ဖြစ်သည်ဟုဆိုသည်။

၎င်းတို့နှစ်ဦးကို ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပက ဖ)ဝင်အချို့က မဂူရိုးကျေးရွာအစပ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူး သန်းမင်းအောင်မှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း၊ ၎င်း၏နောက်လိုက် ဦးငွေသိန်းမှာ ကျုံပျော်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပုသိမ်ခရိုင်(ပကဖ) အဖွဲ့ဝင်တစ်ဦးကပြောသည်။

ရာအိမ်မှူး သန်းမင်းအောင်သည် ယခင်က အုပ်ချုပ်ရေးမှူးဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီကပေးအပ်သည့် ရာအိမ်မှူးတာဝန်ကိုယူထားသူဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအား စစ်ကောင်စီအားကိုးဖြင့် ခြိမ်းခြောက်ခြင်း၊ကိုယ် ထိလက်ရောက်ကျူးလွန်ခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏သတင်းများအား စစ်ကောင်စီထံပေးပို့နေသူဖြစ် ကြောင်း (ပကဖ)အဖွဲ့ဝင်ကဆိုသည်။

“တော်လှန်ရေးနဲ့သက်ဆိုင်သူတွေအပြင် မသက်ဆိုင်သူတွေကိုပါအဖမ်းခံရအောင်လုပ်နေတဲ့ လုပ်ရပ်တွေကို ထပ်ပြီးမလုပ်ဖို့ ကျွန်တော်တို့အနေနဲ့ သတိပေးစာအကြိမ်ကြိမ်ပေးပို့ပါတယ်။ ဒါပေမဲ့ လိုက်နာမှုမရှိဘဲဆက်လုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။သန်းမင်းအောင်ကတော့ ပွဲ ချင်းပြီးသေပါတယ်။ သူ့နောက်လိုက်ကတော့ ဆေးရုံရောက်မှသေတာလို့ သိရတယ်”ဟု ပကဖ အဖွဲ့ဝင်ကဆိုသည်။

ပစ်ခတ်မှုအပြီးတွင် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲတပ်ဖွဲ့များရောက်ရှိလာပြီး မဂူရိုးကျေးရွာတွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းပြင် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က အခင်းဖြစ်ရာ မဂူရိုးကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ ဦးခန့် ထွက်ခွာသွားကြသည်ဟုဒေသခံများကဆိုသည်။

“သန်းမင်းအောင်က ရွာမှာလူတွင်ကျယ် အရမ်းလုပ်တယ်။ ပါဝါကလည်းပြတယ်။ သူသွားတိုင်နေလို့ မဆိုင်တဲ့လူတွေပါ အဖမ်းခံရတယ်။ ထစ်ခနဲဆို လာဖမ်းခိုင်းရမလား တိုင်လိုက်ရမလားလို့ ခြိမ်းခြောက်တယ်။ သူများအသက်သေတာ ၀မ်းမသာကောင်းပေမယ့် အဲလိုလူတွေမရှိတာ ရွာအတွက်ပိုကောင်းတယ်”ဟု ဒေသခံတဦးက ပြောသည်။

လက်ရှိတွင် ကျုံပျော်မြို့နယ်အတွင်း အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များခြေရှုပ်နေပြီး မတရားဖမ်း ဆီးမှုများပြုလုပ်လာနိုင်သည့်အတွက် ဒေသခံပြည်သူများသတိထားနေထိုင်ကြရန် ပုသိမ်ခရိုင် ပကဖ က သတိပေးသည်။

“ကျုံပျော်မြို့နယ်အတွင်းတွင် သန်းမင်းအောင်ကဲ့သို့ စစ်ကောင်စီထံသတင်းပေးပြီး ရွာသားများအပေါ် ခြိမ်းခြောက်ဖိနှိပ်မှုများ ဆက်လုပ်ပြုနေသူများအား ထိထိရောက်ရောက်တုံ့ပြန်ပါမည် ပုသိမ်ခရိုင်(ပကဖ)အဖွဲ့”ဟု ကျုံပျော်မြို့ပြပြောက်ကျားအဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းကထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ကျုံပျော်

#ရာအိမ်မှူး