တမူးမြို့နယ် ကနန်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲသဖြင့် ကလေး၊ လူကြီး ၁၀ ဦး သေဆုံး

ပုံအညွှန်း – စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကနန်ရွာမှ စာသင်ကျောင်းနှင့် အဆောက်အဦး / ဓါတ်ပုံ – CJ

ပါခွီး

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့အနီးရှိ ကနန်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး၊ လူကြီး ၁၀ ဦးသေဆုံးကြောင်း ကနဦး သတင်းရရှိသည်။

ဇန်နဝါရီလ ၇ ရက် ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးဖြင့် ဗုံးလေးလုံးချသွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကနန်စာသင်ကျောင်းနားရပ်ကွက်က ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတယ် ”ဟု တမူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထန်းဆေးက မဇ္စျိမကိုပြောသည်။

လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာသူများပြားပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်းဆိုသည်။

“အသက် ၁၂ အရွယ် မိန်းကလေးငယ်အပါအဝင် ၁၀ ယောက်သေဆုံးသွားပါတယ်။ ဒဏ်ရာရသူများ တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက မဇ္ဈိမ၏မေးမြန်းမှုအား အတည်ပြုပြောကြားသည်။

တမူးခရိုင်တပ်ရင်းသင်တန်းဆင်းပွဲနှင့် ဆေးသင်တန်းပြုလုပ်သည့်နေရာကို စစ်ကောင်စီတပ်က သတင်း ရရှိပြီး ဗုံးလာကြဲခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ကနန်ရွာတွင်ရှိနေသူ တမူးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ၎င်းအချက်ကို ငြင်းဆိုသည်။

“သတင်းကြောင့် ဗုံးချတာမဟုတ်ပါဘူး။ အခုဗုံးကျတာက စာသင်ကျောင်းနဲ့ တာဝါတိုင်းအကြားမှာ ကျ တာပါ” ဟု ၎င်းက ပြောကြားသည်။

ဗုံးကျသည့်အနီးနားရှိ လူနေအိမ်များပျက်စီးသွားပြီး ဒဏ်ရာရရှိသူများကို ဆေးကုသပေးရန် လုပ်ဆောင် လျက်ရှိကြောင်းသိသည်။

တမူးမြို့နယ် ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော် ဆောင်နေချိန် ခါမ်းပါတ်မြို့နှင့်ကပ်လျက်ရှိသည့် ကနန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ