ကျောက်မဲခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များစွာ ထိခိုက်ပျက်စီး

ဓါတ်ပုံ-PSLF/TNLA

009 ၊ ဂျူချန်း

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ယမန်နေ့(ဇွန်လ ၃၀ ရက်)ညပိုင်းက စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘောဇသျှမ်းကျောင်း ကြီး ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်များစွာထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရ သည်။

ကျောက်မဲမြို့၊ ရပ်ကွက်(၁) ပင်လုံလမ်းမပေါ်ရှိ One Love ဟိုတယ်တွင် တော်လှန်ရေးတပ်ဖွဲ့များရှိနေ ကြောင်း စစ်ကောင်စီထောက်ခံအားပေးသည့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်ဖြန့်ဝေပြီးနောက် ဇွန်လ ၃၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် One Love ဟိုတယ်နှင့်နေအိမ်လေးလုံးပျက်စီးခဲ့ပြီး ကမ္ဘောဇသျှမ်းကျောင်းကြီး၊ မီးသတ်ရုံး၊ မြတ်သုခဆေးခန်းနှင့် အနီးပတ်ဝန်းကျင်မှ နေအိမ် ၂၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း၊ လူထိခိုက်မှုရှိသော်လည်း အတိကျမသိရသေးကြောင်း ဆိုသည်။ ထိခိုက်ပျက်စီးသွားသည့် ကမ္ဘောဇသျှမ်းကျောင်းကြီးတွင် စစ်ဘေးရှောင် ၂၀၀ ထက်မနည်း ခိုလှုံလျက်ရှိသည်။

“ဒလန်တွေရဲ့ ကောလာဟလ သတင်းပေးမှုကြောင့် အခုလိုဖြစ်သွားတာပါ။ တကယ်တော့ ဘာ TNLA မှ မရှိပါဘူး။ ဟိုတယ်ရှေ့ဆေးခန်းက မီးဖွားပြီးသားကိုယ်ဝန်ဆောင်တွေ၊ ဧည့်သည်တွေ ရှောင်နေကြတာ ပါ” ဟု ကျောက်မဲမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ One Love ဟိုတည်အနီးတွင် ပေါင် ၅၀၀ ဗုံးတလုံး ကျရောက်ပေါက် ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားကြောင်း ကျောက်မဲမြို့ခံ အမျိုးသားတဦးကလည်း ပြောသည်။

“လူတွေအိပ်နေချိန် ဂျက်လေယာဉ်နဲ့ဗုံးလာကြဲသွားတာ။ မီးလောင်နေတာကို လှမ်းမြင်နေရပေမယ့် ဘယ် သူမှ မသွားကြည့်ရဲဘူး။ အိမ်တွေအများကြီးပျက်စီးသွားတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် ယနေ့(ဇူလိုင် ၁ ရက်) နံနက်ပိုင်းတွင်လည်း ကျောက်မဲမြို့၊ ရပ်ကွက်(၉) အထက(၂) အနီးရှိ ဆီဆိုင်တဆိုင်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသခံထံမှ သိရသည်။

ကျောက်မဲမြို့တွင် စစ်ဘေးရှောင်ကြသူများရှိသော်လည်း မြို့တွင်း၌ အကြောင်းအမျိုးမျိုးကြောင့် မြို့ခံ အများစု ကျန်ရှိနေသေးကြောင်း သိရသည်။

“ရှောင်ကြပါတယ် ပိုက်ဆံရှိတဲ့သူ အများစုပေါ့ဗျာ။ ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ ကိုယ့်အိမ်ထဲ မှာလုံခြုံအောင်နေရတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း မိန်းမကကိုယ်ဝန်လရင့်နေတဲ့အတွက် လမ်း ကြမ်းလို့ မန္တလေးကို မဆင်းနိုင်ဘူးဖြစ်နေတယ်” ဟု ကျောက်မဲဒေသခံက ပြောသည်။

ကျောက်မဲမြို့ပေါ်မှ တိုက်ပွဲများကြောင့် အရပ်သား ၃၀ ကျော်သေဆုံးပြီး နေအိမ်အများအပြားထိခိုက် ပျက်စီးခဲ့ကြောင်း ကျောက်မဲအခြေစိုက် လူမှုကူညီရေးအသင်းများက ဆိုသည်။

ကျောက်မဲမြို့တွင် နားပြိန်း၊ ခိုအုံ၊ နောင်ပိန်၊ ခိုမုန်း စသည့်ဘုန်းကြီးကျောင်း ၁၀ ခု၌ စစ်ဘေးရှောင် ၈,၀၀၀ ခန့်ရောက်ရှိနေကာ အခြေခံစားသောက်ကုန်နှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရ သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ ဈေးရပ်ကွက်တွင်လည်း ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီ ခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့၍ နေအိမ်လေးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ညရောက်ရင် လေယာဥ်သံကြောက်နေရ၊ သူခိုးကြောက်နေရ ဖြစ်နေတယ်။ အဓိကတော့ ဒလန်သတင်း ပေးတွေကြောင့် လေယာဥ်တွေနဲ့ မြို့ထဲကြဲခံရတာ” ဟု နောင်ချိုဒေသခံက ပြောသည်။

ယနေ့(ဇူလိုင်လ ၁ ရက်)တွင် ကျောက်မဲမြို့၌ လက်နက်ကြီးပစ်ခတ်သံများကြားနေရကာ နောင်ချိုမြို့ တွင်လည်း နောက်ဆုံးကျန်နေသည့် (၆၀၆)အမြောက်တပ်ရင်းတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယင်း နေရာတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ဒေသခံများကပြော သည်။

ကျောက်မဲနှင့် နောင်ချိုမြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကြိမ်စတင်ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ယနေ့(ဇူလိုင် ၁ ရက်)ထိ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသလို လျှပ်စစ် ဓာတ်အားလည်းဖြတ်တောက်ခံထားရသဖြင့် နေထိုင်စားသောက်ရန်ခက်ခဲနေပြီး စက်သုံးဆီများ စတင် ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ