စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ရေးအရှိန်မြှင့်တင်မည်ဟု NUG အမှတ်(၂)စစ်ဒေသ တာဝန်ရှိသူ ပြော

ပုံအညွှန်း- NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် စစ်တောင်းမြစ်ဝှမ်း အနောက်ခြမ်းဒေသရှိ စစ်ကြောင်းများထံ လာရောက်တွေ့ဆုံစဉ် (ဓါတ်ပုံ- ပုံဟောင်း)

YT
မဇ္ဈိမ။ ။စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးတွင် စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂) စစ် ဒေသခွဲ၊ ဒု- စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက အသိပေးပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးတွင် စစ်ရေးအရှိန် မြှင့်တင်သွားမည့်အကြောင်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ စစ်ကောင်စီတပ်သားများနှင့် ပြည် သူများထံ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲရေးရုံးက ထုတ်ပြန်သတိပေးထားခြင်း ရှိသည်။

“ကျွန်တော်တို့ စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးကို စစ်ဆင်ရေးမြှင့်တင်မယ်ဆိုပြီး ထုတ်ပြန်ထားတာရှိ ပါတယ်။ ဒါကြောင့် ဒီဒေသမှာရှိတဲ့ စစ်ကောင်စီယန္တရားကို အထောက်အပံ့ပြုနေတဲ့သူတွေ၊ စစ်ကောင်စီ ယန္တရားထဲမှာ ပါဝင်ပတ်သက်နေသူအားလုံး ရပ်တန်းကရပ်ဖို့နဲ့ အမြန်ဆုံးစွန့်ခွာကြဖို့ အသိပေးပြောကြား လိုပါတယ်။ ကျွန်တော်တို့ ကြေညာထားတဲ့အတိုင်း၊ စီစဉ်ထားတဲ့အတိုင်း စစ်တောင်းမြစ်ဝှမ်းတခုလုံးကို အရှိန်အဟုန်နဲ့ စစ်ဆင်ရေးတိုးမြှင့်မှာ ဖြစ်ပါတယ်” ဟု ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းများ၊ လက်နက်ကိုင် ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ရာထူး၊ တာဝန်များမှနှုတ်ထွက်၍ နေရာများမှ စွန့်ခွာရန် ရဲဘော်တင်ဦး က သတိပေးသည်။

အလားတူပင် အဆိုပါဒေသများတွင်နေထိုင်သည့် ပြည်သူလူထုအနေဖြင့်လည်း မိမိတို့ဘေးကင်းလုံခြုံ ရေးအတွက် လိုအပ်သည်များ ပြင်ဆင်ထားရန်နှင့် NUG ၏ လမ်းညွှန်ချက်များကို လိုက်နာရန်လည်း ရဲဘော်တင်ဦးက မေတ္တာရပ်ခံသည်။
“ပြည်သူလူထုအနေနဲ့လည်း ဘေးကင်းလုံခြုံဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက် တွေကို လိုက်နာကြပါလို့ပဲ မေတ္တာရပ်ခံလိုပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးဟုဆိုရာတွင် ပဲခူးတိုင်း ရွှေကျင်၊ ကျောက်ကြီး၊ ညောင်လေးပင်၊ကျောက် တံခါး၊ ဖြူး၊ ဝေါ၊ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်းနှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်စသည့် မြို့နယ်များအပြင် စစ်တောင်းမြစ်နှင့် ထိစပ်နေသည့် ဒေသများအားလုံး ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တောင်းမြစ်ဝှမ်းဒေသများဖြစ်သည့် ကျောက်ကြီးမြို့နယ်အပိုင် နတ်သံကွင်းမြို့နှင့် ကျောက်တံခါးမြို့နယ်အပိုင် ပဲနွယ်ကုန်းမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက နေ့စဉ် နီးပါး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ